Border News Agency
မောင်တော၊ဇွန် ၂၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့ကို ဇွန်လ ၂၄ ရက်၊ဒီနေ့ မနက် ၁၁ နာရီခွဲအချိန်ခန့်က အာဏာသိမ်းစစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးတိုက်ခိုက်ခဲ့လို့ ၁၂ တန်းကျောင်းသူ ၂ ဦး ဒဏ်ရာရသွားပါတယ်။
အဲဒီ မောရဝတီရွာက အသက် ၁၈ နှစ်အရွယ် မနှင်းနုခိုင်နဲ့ အင်းဒင်ရွာက အသက် ၁၉ နှစ်အရွယ် မမေမြတ်နိုးတို့ ဒဏ်ရာရသွားခဲ့ကြတာပါ။
အာဏာသိမ်းစစ်တပ်ဗုံး ၂ လုံးဟာနယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းနဲ့ မီတာ ၅၀ ခန့်အကွာကဟိန္ဒူရွာအနီးကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလိုပေါက်ကွဲခဲ့တာကြောင့် မနှင်းနုခိုင်ရဲ့ ဘယ်ဘက်လက်နဲ့ ခေါင်းတို့မှာ ဒဏ်ရာရခဲ့ပြီး မမေမြတ်နိုးကတော့ နောက်ကျောမှာ ဒဏ်ရာရခဲ့သလို နတလကျောင်းဆောင်အချို့လည်း ပျက်စီးသွားခဲ့ပါတယ်။
အဲဒီအပြင် မောင်တောမြို့ အမှတ် ၅ ရပ်ကွက်က ဟိန္ဒူလူမျိုးတွေရဲ့ နေအိမ် ၂၀ ကျော်လည်းပျက်စီးသွားခဲ့ရပါတယ်။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ကံ့ကော်တောင်ရွာကို ဇွန်လ ၂၃ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၄ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ အရပ်သားတွေ နေ့စဉ် သေဆုံး၊ဒဏ်ရာရနေကြရပါတယ်။










