Border News Agency
မကွေး၊ ဇွန် ၂၄။
မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က အင်အား ၄၀၀ ကျော်ပါစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက မြိုင်မြို့နယ်အထိလိုက်လံချေမှုန်းခဲ့လို့ တပ်မှူးတွေအပါအဝင် အာဏာသိမ်းစစ်တပ်ဘက်က ၅၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ Magway PDF က ဇွန် ၂၄ ရက်၊ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲအတွင်း ခဲယမ်းနဲ့စစ်သုံးပစ္စည်း အများအပြားသိမ်းဆည်းရမိခဲ့တဲ့အပြင် ဒဏ်ရာရသူတွေကိုလာသယ်တဲ့ Mi-17 ရဟတ်ယာဉ်တစီးကိုလည်း ပူးပေါင်းတပ်တွေက ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ ကိုင်းတောမရွာမှာအထိနာပြီး တွင်းမပျူစခန်းသို့ ဆုတ်ခွာသွားတယ်လို့လည်းဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို မကွေး PDF၊ BPLA၊ ABSDF နဲ့ ဒေသခံ ပကဖပူးပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကြောင်းထိုးစဉ် လမ်းတလျှောက်မှာ အိမ်ခြေ ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး မသန်စွမ်းတဦးအပါအဝင် အရပ်သား ၅ ဦးကိုလည်း ရက်စက်စွာသတ်ဖြတ်ခဲ့တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ကြိုတင်ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။



















