Border News Agency
မလေးရှား၊ သြဂုတ် ၁၁။
မလေးရှားနိုင်ငံ၊ကဒါပြည်နယ်မှာ သြဂုတ်လ ၁၀ ရက်နေ့မှာ လူဝင်မှုကြီးကြပ်ရေးဌာနက ဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသားနှစ်ဆယ့်ခြောက်ဦးအပါအဝင် တရားမဝင်ရွှေ့ပြောင်းလုပ်သားကိုးဆယ့်လေးဦး ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီကွာလာမူဒါ၊ကူဘန်းပါဆူးနဲ့ လန်ကာဝီဒေသတွေမှာရှိတဲ့ စီးပွားရေးလုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်းခွင်၊အလုပ်သမားတန်းလျားနဲ့ နေအိမ်နှစ်ဆယ့်နှစ်နေရာကို သြဂုတ်လ ၁၀ ရက်နေ့ကနေ ဒီနေ့ထိဝင်ရောက်စစ်ဆေးခဲ့တာပါ။
အဲဒီစစ်ဆေးမှုအတွင်း မလေးရှားနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားနှစ်ရာနှစ်ဆယ့်ခုနစ်ဦးကိုစိစစ်ခဲ့ရာမှ တရားဝင်ဗီဇာမရှိသူနဲ့ ဗီဇာစည်းကမ်းဖောက်ဖျက်သူ အသက်ဆယ့်ရှစ်နှစ်မှ ငါးဆယ်ကိုးနှစ်ကြားရှိ အမျိုးသားရှစ်ဆယ့်လေးဦး၊အမျိုးသမီးတဆယ်ဦး စုစုပေါင်းကိုးဆယ့်လေးဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ် လေးဆယ့်ငါးဦး၊မြန်မာ နှစ်ဆယ့်ခြောက်ဦး၊ အင်ဒိုနီးရှား တဆယ့်ရှစ်ဦးနဲ့ ပါကစ္စတန် ငါးဦးတို့ပါဝင်ပြီး ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ အရေးယူထားပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေကို ဆက်လက်စစ်ဆေး အရေးယူနိုင်ဖို့အတွက် ဘီလန်တစ်နဲ့ လန်ကာဝီလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေသို့ပို့ဆောင်ထားပါတယ်။















