Border News Agency
ကန်ပက်လက်၊ ဇူလိုင် ၂။
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်သားတွေအများအပြားဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း အများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ ချင်းပြည်သူ့တပ်မတော် (CPA) က ဇူလိုင်လ ၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဆောနဲ့ ကျောက်ထုမှအင်အားထောင်ချီနဲ့ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ကို ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်တပ်တွေက တလကျော်ကြာ အပြင်းအထန်ခုခံတိုက်ခိုက်နေပြီး စစ်တပ်ဘက်က ရာနဲ့ချီသေဆုံးကာ သုံ့ပန်းစစ်သားအချို့ကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ ချင်းပြည်သူ့တပ်မတော် (CPA) နဲ့အတူ အာရက္ခတပ်တော် (AA) ကလည်း အင်အားထောင်နဲ့ချီပြီး ပူးပေါင်းခုခံတိုက်ခိုက်ပေးနေတာဖြစ်ပါတယ်။
အရင်ကမတူပီ၊ မင်းတပ်၊ ကန်ပက်လက်နဲ့ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွေတုန်းကလည်း အာရက္ခတပ်တော်က စစ်ကူပေးတိုက်ခိုက်ခဲ့ဖူးပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မင်းတပ်ကိုပြန်ထိန်းချုပ်နိုင်ရင် မတူပီနဲ့ ကျင်ဒွေးကိုပြန်တိုက်ပြီး၊ ဆမီးနဲ့ ပလက်ဝမြို့တွေကိုပါပြန်သိမ်းဖို့ ဗျူဟာမြောက်စစ်ကြောင်းထိုးနေတာဖြစ်ပေမယ့် မြေပြင်မှာတော့ ရှေ့တိုးမရဘဲအထိနာနေတယ်လို့ တော်လှန်ရေးတက်တွေကဆိုကြပါတယ်။
အခုလိုမြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်သူ့တပ်မတော်ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့နယ်ကို နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်နေပြီး ဇွန်လ ၂၉ ရက်၊ ညနေ ၅ နာရီကျော်အချိန်ကလည်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် မင်းတပ်မြို့နယ်၊ အမှတ် ၄ တိုက်နယ်၊ ရှိမ်းရွာထဲကို ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ပြီး၊ ရွာထဲက အသက် ၇နှစ်၊ ၈ နှစ်နဲ့ ၉ နှစ်အရွယ် အပြစ်မဲ့မိန်းကလေးငယ် ၃ ဦးဗုံးစထိမှန်ကာ နေရာမှာတင်သေဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။













