Border News Agency
ယူကရန်း၊ ဇူလိုင် ၂။
ယူကရိန်းမြို့တော်ကိယက်ဗ်ကို ဇူလိုင်လ ၁ ရက်၊ ညပိုင်းကနေ ၂ ရက်နေ့ မနက်ပိုင်းအထိ ရုရှားက ဒရုန်း၊ ဒုံးကျည်ပေါင်းငါးရာလေးဆယ်နဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံးလူရှစ်ဦးသေဆုံးပြီး နှစ်ဆယ့်ငါးဦးဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ရုရှားဟာ ပဲ့ထိန်းဒုံးကျည်တွေ၊ ခရုစ်ဒုံးကျည်တွေအပြင် ဟိုက်ပါဆောနစ်ဒုံးကျည်တွေကိုပါအသုံးပြုပြီး အရပ်သားဧရိယာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် ကိယက်ဗ်မြို့တော်အနှံ့မှာ ပျက်စီးမှုနဲ့ မီးလောင်မှုတွေအများအပြား ဖြစ်ပွားခဲ့ပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီးက ရုရှားရဲ့အကြီးစားတိုက်ခိုက်မှုပြင်ဆင်နေတဲ့ ထောက်လှမ်းရေးသတင်းကြောင့် အိုင်ယာလန်ခရီးစဉ်ကို သတ်မှတ်ချိန်ထက်စောပြီး အဆုံးသတ်ခဲ့ရကာ အခုတိုက်ခိုက်မှုဟာ ရုရှားသမ္မတပူတင်က အချိန်ယူပြင်ဆင်ခဲ့တာဖြစ်ကြောင်း သတိပေးပြောကြားထားပါတယ်။
ရုရှားရဲ့တိုက်ခိုက်မှုပြင်းထန်လွန်းတာကြောင့် အိမ်နီးချင်းပိုလန်နိုင်ငံကပါ လေပိုင်နက်ကာကွယ်ဖို့ တိုက်လေယာဉ်တွေကို အသင့်အနေအထားနဲ့ ပျံတက်စောင့်ကြည့်ခဲ့ရပြီး ဒါဟာရုရှားဘက်က နှစ်ပတ်အတွင်း ပထမဆုံးအကြိမ် အုံနဲ့ကျင်းနဲ့ အပြင်းအထန်လာရောက်တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။
လတ်တလောရက်ပိုင်းတွေအတွင်း ယူကရိန်းဘက်ကလည်း ရုရှားမြို့တော်မော်စကိုအထိ ဒရုန်းတွေနဲ့ တန်ပြန်တိုက်ခိုက်ပြီး ရုရှားရဲ့ ရေနံချက်စက်ရုံတွေကို အဓိကပစ်မှတ်ထားဖျက်ဆီးခဲ့တာကြောင့် အခုလိုရုရှားဘက်က ကလဲ့စားချေတိုက်ခိုက်လာတာလို့ သိရပါတယ်။














