Border News Agency
ထိုင်း၊ဇူလိုင် ၂။
ထိုင်းနိုင်ငံ၊ချွန်ပူရီခရိုင်၊သီရာချာမြို့နယ်၊ဘော်ဝင်ရပ်ကွက်က အငှားဆောင်တခုမှာ ဇူလိုင်လ ၁ ရက်၊နေ့လည်ပိုင်းက ဖဲကစားရင်း စကားများရန်ဖြစ်ရာကနေ အသက် ၄၃ နှစ်အရွယ် ထိုင်းနိုင်ငံသားတဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဖဲဝိုင်းထဲကမြန်မာနိုင်ငံသား အသက် ၄၀ အရွယ်ကိုအောင်မင်းမှာ ဦးခေါင်းကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် ဖဲဝိုင်းထဲက အသက် ၃၉ နှစ်အရွယ် မြန်မာအမျိုးသမီးတဦးနဲ့ အသက် ၃၅ နှစ်အရွယ် ကိုထွန်းတို့လည်း ကျည်ထိမှန်ဒဏ်ရာတွေရရှိခဲ့လို့ လာဘ်ချာဘန်းဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရတယ်လို့ ထိုင်းဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ထိုင်းနိုင်ငံသားဟာ ဖဲရှုံးပြီးအလုပ်သွားခဲ့ရာကနေ အလုပ်အပြန် ဖဲဝိုင်းပြန်စဖို့ ပြောရာမှာ မြန်မာနိုင်ငံသားတွေက သူ့ကို လှောင်ပြောင်ကြည့်ကြည့်ပြီး မသိမသာပြောဆိုတယ်လို့ ယူဆကာ ဒေါသထွက်ပြီး အသင့်ပါလာတဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ထွက်ဆိုထားပါတယ်။
ပြစ်မှုကျူးလွန်သူ ထိုင်းနိုင်ငံသားဟာ ပစ်ခတ်ပြီးနောက် ထွက်ပြေးတာမရှိဘဲ အခင်းဖြစ်နေရာမှာတင် ရဲတပ်ဖွဲ့ အဖမ်းခံဖို့ စောင့်ဆိုင်းနေခဲ့တာကြောင့် ဘော်ဝင်ရဲစခန်းက သူ့ကို ချက်ချင်းဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။
လက်ရှိမှာတော့ ဘော်ဝင်ရဲတပ်ဖွဲ့က တရားခံ ထိုင်းနိုင်ငံသားကို လူသတ်မှု၊ သေနတ်အလွဲသုံးမှုတွေနဲ့ ဥပဒေအရ အရေးယူနိုင်ဖို့ ဖမ်းဆီးထားပြီး ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။













