Border News Agency
အမေရိကန်၊ဇူလိုင် ၃။
အမေရိကန်နဲ့ အီရန်တို့ကာတာနိုင်ငံ၊ဒိုဟာမြို့မှာ လုပ်ခဲ့တဲ့ သွယ်ဝိုက်ဆွေးနွေးပွဲဟာ ဇူလိုင် ၁ ရက်နေ့မှာ ပြီးဆုံးသွားပေမယ့် ငြိမ်းချမ်းရေးအတွက် ဘာလက္ခဏာမှ ထူးထူးခြားခြား ထွက်မလာခဲ့ပါဘူး။
အဲဒီဆွေးနွေးပွဲမှာ ဟော်မုဇ်ရေလက်ကြားအရေးနဲ့ ပိတ်ဆို့ခံထားရတဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေ ပြန်ထုတ်ပေးဖို့ကိစ္စကို အဓိကထား ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် အီရန်ဘက်ကအမေရိကန် ထိပ်တန်းသံတမန်တွေနဲ့ တိုက်ရိုက်တွေ့ဆုံမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်တာကြောင့် နှစ်နိုင်ငံအကြား တည်ငြိမ်ဖို့ မျှော်လင့်ချက်တွေ ပိုပြီး မှုန်ဝါးသွားခဲ့ရပါတယ်။
အဲဒီလို ငြင်းဆိုမှုဟာ ဒေသတွင်း တင်းမာမှုတွေကို လျှော့ချဖို့ ကြိုးပမ်းနေတဲ့ သံတမန်ရေး လမ်းကြောင်းတွေအပေါ် ကြီးမားတဲ့ ရိုက်ခတ်မှု ဖြစ်စေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အီရန်ထိပ်ပိုင်းခေါင်းဆောင်တွေ သေဆုံးခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတာပါ။
အခုလည်း အီရန်ရေနံသူဌေး ရှမ်ခါနီရဲ့ မှောင်ခိုရေနံသင်္ဘောကွန်ရက်ကို အနောက်အုပ်စုက ပိတ်ဆို့မှုတွေ ပိုပြင်းထန်လာချိန်မှာ ဒီဆွေးနွေးပွဲပါ ပျက်ပြားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အီရန်ဘက်ကဟော်မုဇ်ရေလက်ကြားကို ဖြတ်မယ့်သင်္ဘောတွေကို ဝန်ဆောင်မှုစရိတ်ကောက်မယ်လို့ ခြိမ်းခြောက်ထားသလို အနောက်အုပ်စုကလည်း ရေနံမှောင်ခိုမှုတွေကို လိုက်ဖမ်းနေပါတယ်။
ကမ္ဘာ့အရေးပါဆုံး ရေကြောင်းကုန်သွယ်ရေးလမ်းမှာ စစ်ရေးအရ ထိပ်တိုက်တွေ့ဖို့ ပိုနီးစပ်လာတာကြောင့် ဆွေးနွေးပွဲအပြီး နောက်ဆက်တွဲအခြေအနေကို နိုင်ငံတကာက စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။






