Border News Agency
ဘန်ကောက်၊ ဇူလိုင် ၁၃။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် ချာတူချက်ခရိုင်ထဲက လူသိများတဲ့ “Rong Beer Na Lat Phrao” ဘားမှာ ဇူလိုင်လ ၁၂ ရက်နေ့ညက မီးလောင်လို့ လူနှစ်ဆယ့်ခုနှစ်ဦးသေဆုံးသွားပါတယ်။
အဲဒီမှာအမျိုးသားကိုးဦးနဲ့ အမျိုးသမီးဆယ့်ရှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူခြောက်ဆယ်ကျော် ဆေးရုံတင်ထားရသလို ပျောက်ဆုံးနေသူတွေလည်း ရှိနေပါတယ်။
အဲဒီဘားမှာ မီးလောင်လွယ်တဲ့ပစ္စည်းတွေ သုံးထားတာကြောင့် မီးကူးစက်မှုမြန်ဆန်သွားသလို အဆောက်အအုံရဲ့ လျှပ်စစ်မိန်းခလုတ်နေရာက မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာပါ။
မီးလောင်ချိန်မှာ ဘားရဲ့အရေးပေါ် ထွက်ပေါက်တွေမှာ ပစ္စည်းအရောင်းစင်တွေချထားလို့ လမ်းကြောင်းပိတ်နေခဲ့တာကြောင့် ထွက်ပြေးရခက်ခဲပြီး လူအများစုဟာ အိမ်သာထဲဝင်ပုန်းရင်း သေဆုံးခဲ့ကြရတာဖြစ်ပါတယ်။
မီးလောင်နေတုန်း ဖြတ်သန်းသွားတဲ့ ယာဉ်မောင်းတဦးက မီးသတ်ကို အကြောင်းကြားပေးခဲ့သလို ပြတင်းပေါက်တွေကိုခွဲပြီး လူနှစ်ဦးကိုကူညီကယ်ထုတ်ပေးခဲ့ပါတယ်။
အဲဒီမီးလောင်ရတဲ့အကြောင်းရင်း အသေးစိတ်ကို မှုခင်းဆိုင်ရာပညာရှင်တွေ ဆက်စုံစမ်းစစ်ဆေးနေပါတယ်။



























