Border News Agency
ဘန်ကောက်၊ ဇူလိုင် ၁၃။
ထိုင်းနိုင်ငံရှိမြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးတဲ့စင်တာတွေမှာ ပြေစာမရှိဘဲအပိုငွေတွေ ကောက်ခံနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောကြားလိုက်ပါတယ်။
အဲဒီဖြစ်စဉ်အမှန်ကို စုံစမ်းစစ်ဆေးဖို့အတွက် မြန်မာနိုင်ငံရဲ့သက်ဆိုင်ရာဌာနတွေနဲ့ အမြန်ဆုံးညှိနှိုင်းဖို့ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနကို ညွှန်ကြားထားပြီး ဖြစ်ပါတယ်။
ခုလက်ရှိမှာတော့ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က မြန်မာအလုပ်သမားသံအရာရှိကို ဖိတ်ခေါ်ဆွေးနွေးခဲ့သလို မြန်မာသံရုံးဆီသို့ စုံစမ်းစစ်ဆေးပေးဖို့ စာပေးပို့တောင်းဆိုထားပြီ ဖြစ်ပါတယ်။
အဲဒီအပြင်အပိုငွေကောက်ခံတဲ့ကိစ္စကို လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့မှာ ကျင်းပမယ့် ထိုင်း-မြန်မာ နည်းပညာဆိုင်ရာ အစည်းအဝေးမှာ ထည့်သွင်းတင်ပြ ဆွေးနွေးသွားမှာပါ။
ထိုင်းနိုင်ငံအတွင်းမှာ CI စင်တာလေးခုနဲ့ ရွေ့လျားဝန်ဆောင်မှုယူနစ်တခု ရှိပြီး မြန်မာအလုပ်သမားတဦးအတွက် CI စာအုပ်ပြုလုပ်ဖို့ တရားဝင်ကုန်ကျစရိတ်ဟာ ဘတ်သုံးထောင့်ခြောက်ရာနှစ်ဆယ်သာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ မြန်မာလုပ်သားတချို့ဟာ သတ်မှတ်ဈေးထက် ပိုမိုပေးဆောင်နေရတယ်လို့ သိရပါတယ်။







