Border News Agency
ကဒါး၊ ဇူလိုင် ၁၅။
မလေးရှားနိုင်ငံ၊ကဒါးပြည်နယ်၊ ဆုန်းဂိုင်းပတ္တနီဒေသမှာ တရားမဝင်လုပ်သား မြန်မာနိုင်ငံသားလေးဦးအပါအဝင် နိုင်ငံခြားသား နှစ်ဆယ့်လေးဦးကို ဖမ်းဆီးခံခဲ့ရပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့ကနေ ၁၅ ရက်၊ဒီနေ့ထိကဒါးပြည်နယ် လဝကညွှန်ကြားမှုဦးစီးဌာနက နေရာအနှံ့အပြားမှာ ဝင်ရောက်စီးနင်း ရှာဖွေခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ် အမျိုးသား ရှစ်ဦး၊ ဗီယက်နမ် အမျိုးသား လေးဦးနဲ့ အမျိုးသမီး သုံးဦး၊ ထိုင်းနိုင်ငံသား အမျိုးသား တဦးနဲ့ အမျိုးသမီး ငါးဦး၊လာအို အမျိုးသမီး တဦးတို့ ပါဝင်ပါတယ်။
အဲဒီအပြင်မြန်မာနိုင်ငံသား အမျိုးသား သုံးဦးနဲ့ အမျိုးသမီး တဦး၊ စုစုပေါင်း လေးဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီအလုပ်သမား အားလုံးကို ကဒါးပြည်နယ် လဝကရုံးဆီ ပို့ဆောင်ထားပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ ဆက်လက် စစ်ဆေးဆောင်ရွက်နေတယ်လို့သိရပါတယ်။

















