Border News Agency
ရန်ကုန်၊ဇူလိုင် ၂ဝ။
မြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ကုလသမဂ္ဂနဲ့အာဆီယံကြိုးပမ်းမှုတွေကို ကြိုဆိုပြီး ဘုံသဘောတူညီချက် ငါးချက်ဟာ အဓိကမူဘောင် ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဇူလိုင်လ ၂၀ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီအကျပ်အတည်းကို ဖြေရှင်းရာမှာ အရပ်သားတွေအပေါ် အကြမ်းဖက်တာတွေရပ်တန့်ဖို့၊ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့နဲ့ အားလုံးပါဝင်တဲ့တွေ့ ဆုံဆွေးနွေးပွဲတွေလုပ်ဖို့ မရှိမဖြစ်လိုအပ်တယ်လို့ ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့ဆန္ဒမဲ သောင်ပြိုကမ်းပြို ရရှိခဲ့တဲ့ NLD နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအင် အားစုတွေ ပါဝင်ခွင့်မရရင် ဘယ်နိုင်ငံ ရေးဖြစ်စဉ်မှ ပြည်သူ့ယုံကြည်မှုရမှာမဟုတ်ပါဘူး။
စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ပြည် သူလူထုယုံကြည်မှုနဲ့တရားဝင်ဆင့်လွှဲအာဏာရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ပါဝင်မှုမရှိမဖြစ် လိုအပ်တယ်လို့လည်းဆိုပါတယ်။
အဲဒီအပြင် အာဆီယံထိတွေ့ဆက်ဆံရာမှာ အာဏာသိမ်းစစ်တပ်ရဲ့ အတုအ ယောင် ရွေးကောက်ပွဲပေါ်ပေါက်လာမယ့် အုပ်ချုပ်ရေးကို အသိအမှတ်ပြုတဲ့အဆင့် မရောက်သွားအောင် သတိထားဖို့လည်း တိုက်တွန်းထားပါတယ်။
NLDဟာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းရမယ်လို့ ယုံကြည်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်သူ့ဆန္ဒအတိုင်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။









