Border News Agency
နေပြည်တော်၊ ဇူလိုင် ၂၀။
အာဏာသိမ်းစစ်တပ်ရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနှစ်ဖွဲ့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြန်သုံးသပ်ဆွေးနွေးပွဲကို ဇူလိုင်လ ၂၀ ရက်၊ဒီနေ့လုပ်နေကြပါတယ်။
အဲဒီမှာတိုင်းရင်းသားလက်နက်ကိုင်ခုနှစ်ဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လက်ရှိအခြေအနေတွေနဲ့အညီ ပြန်ဖော်ဆောင်ဖို့နဲ့ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးရဖို့အတွက် ပြန်လည်သုံးသပ် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိ နှိုင်းရေးကော်မတီရဲ့ဆွေးနွေးပွဲဆိုင်ရာ အကောင်အထည်ဖော်မှုတွေဟာ ထင်ထားတာထက် ပိုတိုးတက်မှုရှိပြီး အာဏာသိမ်းစစ်တပ်က ဆွေးနွေးပွဲနည်းလမ်းကို အလေးထားဆောင်ရွက်နေတယ်လို့လည်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးထီးရိပ်အောက်က ဆွေးနွေးပွဲတွေ လုပ်နေပေမယ့် နှစ်ဘက်ခေါင်းဆောင်တွေဟာ ထိရောက်တဲ့ရလဒ်ကောင်းတွေ ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့လည်း သူက ဆိုပါတယ်။
ဒါပေမယ့် အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝှမ်းလေကြောင်းတိုက်ခိုက်မှုတွေ ဆက်ပြုလုပ်နေပြီး အရပ်သားတွေကိုပစ်မှတ်ထားနေသလို တိုင်းရင်းသားဒေသအများအပြားမှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။
အဲဒါကြောင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခို က်မှုရပ်စဲရေးလမ်းကြောင်းအတိုင်း သွားနေတဲ့ဆွေးနွေးပွဲတွေဟာ မြေပြင်စစ်ပွဲတွေကို မရပ်တန့်နိုင်သလို ငြိမ်းချမ်းရေးအတွက်လည်း အမှန်တကယ် သက်ရောက်မှုမရှိဘဲ ပုံစံပြတွေ့ဆုံမှုတွေသာ ဖြစ်တယ်လို့ စစ်ရေးနဲ့ နိုင်ငံ ရေး လေ့လာသူတွေက ထောက်ပြကြပါတယ်။














