Border News Agency
မောင်တော၊ ဇူလိုင် ၃၀။
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားထားတဲ့ မောင်တောမြို့နယ်၊ လေးမိုင်၊ အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ရင်းရှေ့နားမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊စက်တင်ဘာလ ၂၈ ရက်နေ့က အသက်ဆယ်နှစ်အရွယ်သုံးတန်းကျောင်းသားကို AA တပ်ဖွဲ့ဝင်တဦးယောကျ်ားချင်းသက်ငယ်မုဒိမ်းကျင့်လူသတ်လူကျူးလွန်ခဲ့ပါတယ်။
အဲဒီအမှုဟာ လပေါင်းနှစ်ဆယ်ပြည့်သွားပြီးဖြစ်ပေမယ့် တရားခံကိုဖမ်းဆီးရမိတာမရှိသေးသလို အရေးယူဆောင်ရွက်နိုင်တာလည်း မတွေ့ရသေးပါဘူး။
အဲဒါကြောင့်သက်ငယ်မုဒိမ်းမှုကျူးလွန်သူ AA တပ်ဖွဲ့ဝင်ကို အာရက္ခပြည်သူတွေအပါအဝင် မိသားစုဝင်တွေက အမြန်ဆုံးဖမ်းဆီးအရေးယူပေးကြဖို့ တောင်းဆိုနေကြပါတယ်။
“ကျွန်မသားကိုသတ်သွားတဲ့တရားခံကို ကျွန်မလိုချင်ပါတယ်။ ဒီအမှုကိုပေါ်ပေါက်အောင် ကျွန်မလုပ်ချင်ပါတယ်။ နောက်ပြီး အာရက္ခတပ်တော်မှာလည်း မိ သားစုပြည်သူတွေလည်း အများကြီးရှိပါတယ်။ ဒီတရားခံကို ဒီလိုလွှတ်ပေးလိုက်ရင် နောက်နောင်လည်း ဒီလိုပြန်လုပ်လာပါမယ်။ ဒီလူက ယောင်္ကျားမရွေး၊မိန်းမမရွေး မုဒိမ်းကျင့်လို့သတ်တဲ့တရားခံကို ဒီအတိုင်းလွှတ်ပေးလိုက်မယ်ဆိုရင် အာရက္ခတပ်တော်လည်း အများကြီးနာမည်ဆိုးပါမယ်။ ကျွန်မသားကိုသတ်သွားတဲ့တရားခံကို နောက်နောင်လူလည်းမခံစားရအောင် ပညာပေးရပါမယ်။ သင်ခန်းစာပေးရပါမယ်။ ဒီလူကပြည်သူတွေကို နှိပ်စက်ခဲ့တဲ့အတွက် နောက်လည်းမဖြစ်ရအောင် လုပ်တဲ့သူကို အာရက္ခတပ်တော်က အပြစ်ကျူးလွန်သူကို ပြည်သူများ၊ မိသားစုဝင်များရှေ့မှာ အကုန်လုံးမြင်အောင် သူနဲ့ထိုက်တန်တဲ့အပြစ်ကို အာရက္ခတပ်တော်က ပြစ်ဒဏ်အမိန့်ချပေးရပါမယ်။”လို့ သက်ငယ်မုဒိမ်းမှုကျူးလွန်အသတ်ခံရသူရဲ့ မိခင်ဖြစ်သူက Border News Agency ကို ပြောပါတယ်။
အဲဒီအလောင်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်၊ နေ့လည် ၁ နာရီ ၂၂ မိနစ်အချိန်က သူတို့နေအိမ်နဲ့ငါးအိမ်ခန့်အကွာရှိ မွတ်ဆလင်တဦးနေ အိမ်ထဲမှာ အသတ်ခံထားရတဲ့ဒဏ်ရာတွေနဲ့ ဘောင်းဘီမပါဘဲတွေ့ရှိရတာလို့ မိသားစုဝင်တွေက ဆိုကြပါတယ်။
အဲဒီကလေးငယ်ကို သတ်ဖြတ်ခဲ့သူဟာ အာရက္ခတပ်တော်ရဲ့တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး သူဖုန်းကျကျန်ခဲ့တာမို့ ဖုန်းထဲမှာ AA တပ်ဖွဲ့ဝင်ဝတ်စုံနဲ့ပုံတွေအပါအဝင် မိ ဘအမည်၊ မိဘနေရပ်လိပ်စာတွေနဲ့ကိုလည်း Border News Agency က ရရှိခဲ့ပါတယ်။
အဲဒီအမှုနဲ့ပတ်သက်ပြီး ကျူးလွန်ခံရသူရဲ့မိခင်ဖြစ်သူကို Border News Agency က သွားရောက်တွေ့ဆုံမေးထားတဲ့အင်တာဗျူးအပြည့်အစုံကို ဖော်ပြခဲ့ပါတယ်။
အဲဒီမှုခင်းဖြစ်ပြီးခုနှစ်လခန့်အကြာမှသာ အာရက္ခတပ်တော်(AA)တပ်မှူးချုပ်၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့အကိုအရင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ၃ ဟာ သူ့လူမှုကွန်ရက်စာမျက်နှာမှာ မုဒိမ်းကျင့်လူသတ်မှုကျူးလွန်လို့ ထွက်ပြေးနေသူကို အလိုရှိကြောင်းကြေညာထားတဲ့ဓာတ်ပုံကိုတင်လာပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေကတော့ AA တပ်ဖွဲဝင်ကျူးလွန်တာကို ပြည်သူလူထုဝေဖန်မှုများနေတာမို့ ဟန်ပြဖြေရှင်းလုပ်ပြတာလို့ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။








