Border News Agency
နေပြည်တော်၊သြဂုတ် ၃။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (UCRC) ကဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ ကြိုဆိုတယ်လို့ ကိုထိန်လင်းက ဩဂုတ်လ၃ ရက်၊ ဒီနေ့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားပါတယ်။
ဒီတွေ့ဆုံမှုသတင်းဟာ အတည်ပြုနိုင်မယ်ဆိုရင်တော့ ငါးနှစ်ကျော်ကာလအတွင်း မိခင်နဲ့ပတ်သက်လို့ အပြုသဘောဆောင်တဲ့ ပထမဆုံးတိုးတက်မှုဖြစ်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မိသားစုနဲ့အတူရပ်တည်ပေးခဲ့ကြသူတွေ၊ အထူးသဖြင့် Proof of Life လှုပ်ရှားမှုမှာပါဝင်ခဲ့သူ အားလုံးကိုအထူးကျေးဇူးတင်တယ်လို့လည်း ထည့်သွင်း ရေးသားထားတာပါ။
အများပြည်သူရဲ့ အသံထွက်ပြောဆိုကြိုးပမ်းပေးမှု၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားပေးမှုတွေကြောင့် မိခင်ရဲ့အခြေအနေဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုအောက်မှာ ဆက်ရှိနေခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ခုတွေ့ဆုံမှုဟာအရေးပါတဲ့ ပထမခြေလှမ်းဖြစ်သလို နောက်ဆုံးခြေလှမ်းမဖြစ်သင့်ဘဲ ဒီအခြေအနေကနေလူသားချင်းစာနာမှုဆိုင်ရာတိုးတက်မှုတွေ ဆက်လက် ဖြစ်ပေါ်လာဖို့လည်းသူကမျှော်လင့်နေတာပါ။
အဲဒီအထဲမှာ မိခင်ဖြစ်သူနဲ့တိုက်ရိုက် စကားပြောခွင့်၊ မိသားစုနဲ့ တွေ့ဆုံခွင့်၊ ကျန်းမာရေး အခြေအနေကို ယုံကြည်စိတ်ချရပြီး လွတ်လပ်စွာအတည်ပြုနိုင်ရေးနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးနဲ့အတူ မိခင်ကိုချက်ချင်းနဲ့ ခြွင်းချက်မရှိလွှတ်ပေးဖို့ကိုလည်းတောင်းဆိုထားပါတယ်။








