Border News Agency
ရေကြည်၊သြဂုတ် ၁၄။
ဧရာဝတီတိုင်းမှာ အာရက္ခတပ်တော်(AA)နဲ့ အာဏာသိမ်းစစ်တပ်ကြားတိုက်ပွဲတွေမှာ အာဏာသိမ်းစစ်သားတွေ သေဆုံးဒဏ်ရာရများနေကြတယ်လို့ သြဂု တ်လ ၁၃ ရက်နေ့က အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ပွိုင့်၁၀၁အနီးနဲ့သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာအနီးမှာ သြဂုတ်လ ၁၂ ရက်နေ့က ငါးနေရာထိတိုက်ပွဲတွေ
ဖြစ်ခဲ့တယ်လို့ ဆိုကြပါတယ်။
အဲဒီသာပေါင်းကလေးကျေးရွာအရှေ့ဘက် မီတာတထောင်ခန့်အကွာမှာ သြဂုတ်လ ၁၂ ရက်နေ့၊ နံနက် ၆း၅၃မှ ၉း၅၃ အချိန်ထိ အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ၊ အမှတ် ၁၀၁ ခြေလျင်တပ်ရင်းနဲ့ အာရက္ခတပ်တော်ကြားသုံးနာရီကြာတိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ရေကြည်မြို့နယ်၊ပွိုင့် ၁၀၁ကုန်တောင်ဘက်မီတာ ၃၇၃ မှာ နံနက် ၇ နာရီမှနေ့လယ် ၂ နာရီ ၃၉ မိနစ်ထိအမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ်လက် အောက်ခံ၊အမှတ် ၁ ခြေလျင်တပ်ရင်း၊အမှတ် ၁၁ခြေလျင်တပ်ရင်းနဲ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ပွိုင့် ၁၀၁ ကုန်းအနောက် တောင်ဘက် ၁.၁၃ ကီလိုမီတာခန့်အကွာမှာလည်း နံနက် ၉ နာရီ ၂၄ မိနစ်မှ နေ့လယ် ၁ နာရီ ၄၀ မိနစ်ထိတိုက်ပွဲဖြစ်ခဲ့သလို နောက်ထပ်နှစ်နေရာမှာလည်းတိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က တိုက်လေယာဥ်တွေ၊ ဒရုန်းတွေ၊ လက်နက်ကြီးတွေပစ်ကူပေးခဲ့ပေမယ့် အာဏာသိမ်းစစ်သားအလောင်းတွေ၊ လက်နက်တွေသိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒါကြောင့် အာဏာသိမ်းစစ်သားတွေတပ်လန်ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။






