Border News Agency
မကွေး၊ ဩဂုတ် ၁၆။
မကွေးတိုင်း၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်မှာ စစ်ကူပို့ဖို့လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ဂန့်ဂေါခရိုင်စစ်ဌာနက သြဂုတ်လ ၁၅ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီဆောမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား ဇူလိုင်လ ၂၉ ရက်ကနေ သြဂုတ်လ ၁ ရက်နေ့အထိ ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ပထမအကြိမ်တိုက်ပွဲမှာပဲ အာဏာသိမ်းစစ်တပ်ရဲ့ ခမရ-၅၇၃ တပ်က တပ်သားတဦးကိုအရှင်ဖမ်းဆီးရမိခဲ့သလို MA1 သေနတ်၊ကျည်ဘောက်၊နင်းမိုင်းနဲ့ RPG အဖူးတွေအပါအဝင် စစ်လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်ဇူလိုင်လ ၃၁ ရက်နေ့မှာလည်း အင်အားဖြည့်ပြီးပြန်ဝင်လာတဲ့ အာဏာသိမ်းစစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ထပ်မံဟန့်တားတိုက်ခိုက်ခဲ့ရာမှာလည်း MA1 သေနတ်တလက်ထပ်မံသိမ်းဆည်းရမိခဲ့ပြီး သြဂုတ်လ ၁ ရက်နေ့မှာတော့ နယ်မြေရှင်းလင်းရေးလုပ်ရင်း RPG အဖူးတွေ ထပ်မံရရှိခဲ့ပါတယ်။
တိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်တပ်ကနေ အလင်းဝင်လာတဲ့စစ်သားတွေကိုလည်း ကောင်းမွန်စွာထိန်းသိမ်းထားပြီး မိသားစုတွေဆီချိတ်ဆက်လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။















