Border News Agency
မြောက်ဦး၊ ဩဂုတ် ၂၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ သက်ငယ်မုဒိန်းမှုတွေလျှော့ချရေးနဲ့ ကာကွယ်တားဆီးရေးအသိပညာပေးတွေမှာ လူမှုကွန်ရက်ပေါ် လွှမ်းမိုးမှုရှိသူတွေပူးပေါင်းပါဝင်ကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ပါတီဗဟိုရုံးက တိုက်တွန်းလိုက်ပါတယ်။
အဲဒီသက်ငယ်မုဒိန်းမှုဟာ လူ့အခွင့်အရေးဆိုင်ရာပြဿနာဖြစ်တာမို့ မီဒီယာတွေ၊စာပေနဲ့ အနုပညာရှင်တွေအပြင် လူမှုကွန်ရက်ပေါ်မှာ ပြည်သူကိုလွှမ်းမိုးနိုင်တဲ့ပုဂ္ဂိုလ်တွေဟာ အသိပညာပေးကမ်ပိန်းတွေမှာ တက်ကြွစွာပါဝင်ပေးကြဖို့တောင်းဆိုထားပါတယ်။
”ဒီကိစ္စဟာလူ့အခွင့်အရေးနဲ့ဆိုင်တဲ့ ပြဿနာတခုဖြစ်တာမို့လို့ မီဒီယာတွေ၊စာပေအနုပညာရှင်တွေနဲ့ Influencer တွေအနေနဲ့လည်း အသိပညာပေးကမ်ပိန်းတွေမှာ ပူးပေါင်းပါဝင်ပေးကြဖို့တိုက်တွန်းချင်ပါတယ်။”လို့ ULA ပါတီဗဟိုရုံးမှတာဝန်ခံ ဒေါ်လှမြခိုင်ကပြောပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ခရိုင်၊မြို့နယ်နဲ့ ရပ်ရွာပါတီကော်မတီတွေ၊အမျိုးသမီးနဲ့ လူငယ်အဖွဲ့အစည်းတွေပေါင်းပြီး အသိပညာပေးဟောပြောပွဲတာတွေပြုလုပ်တာ၊ လက်ကမ်းစာစောင်တွေဖြန့်ဝေတာနဲ့ Podcast အစီအစဉ်တွေမှတဆင့် အသိပညာပေးတာတွေကိုလုပ်နေတယ်လို့ဆိုပါတယ်။
အဲဒီအပြင်သက်ငယ်မုဒိန်းမှု၊လူသတ်မှုစတဲ့ ကြီးလေးသောရာဇဝတ်မှုတွေကို ထိရောက်စွာအရေးယူနိုင်ဖို့အတွက်လည်း ၂၀၂၆ ခုနှစ် ဩဂုတ်လမှစတင်လို့ အထူးတရားရုံးတွေဖွင့်လှစ်ကာ ပြင်းထန်တဲ့ပြစ်ဒဏ်တွေချမှတ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။






