Border News Agency
ကျောက်တော်၊ အောက်တိုဘာ ၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ရင်း၊တပ်မနေရာတွေကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်တာတွေ အပြင်းအထန်ပြုလုပ်နေပါတယ်။
အဲဒီကျောက်တော်မြို့နယ်ရှိ အမှတ် ၉ စစ်ဆင်ရေးကွပ်ကွဲမှုတပ်မဌာနချုပ်၊အမှတ် ၃၇၆ ခြေမြန်တပ်ရင်းအပါအဝင်အာဏာသိမ်းစစ်တပ်နေရာတွေကို အောက်တိုဘာလ ၇ ရက်၊ဒီနေ့မနက်က အချိန် ၃ နာရီနီးပါးလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီအပြင် ကျောက်တော်မြို့နယ်၊ကြောင်ဖိုကျေးရွာအနီးကိုလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပြီး ကျောက်တော်ဒေသခံတွေ တညလုံးစိုးရိမ်နေခဲ့ကြရတယ်လို့ ဆိုကြပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်နေတာဟာ နောက်တန်းခံစစ်အမားတွေကို လက်ဦးမှုယူဖြိုချက်နေတာဖြစ်ပြီး လေကြောင့်တိုက်ခိုက်မှုတွေ ဆက်ပြင်းထန်လာနိုင်တယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်နေကြသူတွေက ဆိုကြပါတယ်။
“စစ်တပ်က တိုက်ပွဲဧရိယာတွေအပြင်နောက်တန်းခံစစ်တွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်လာတာကို သတိထားမိပါတယ်။ ခုနောက်ပိုင်း တပ်စခန်းဟောင်းတွေကို အပြင်းအထန်တိုက်ခိုက်လာဟာကို တွေ့ရပါတယ်။ ဒီတိုက်ခိုက်မှုတွေက လေကြောင်းတိုက်ခိုက်မှုတွေဆက်ပြင်းနေမယ်လို့ ပြနေတာပါ။”လို့စစ်ရေးလေ့လာစောင့်ကြည့်နေသူတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအပြင် တောင်ကုတ်မြို့အနီးရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ဟောင်းနဲ့ တပ်ရင်းဟောင်းနေရာတွေကိုလည်း အောက်တိုဘာလ ၆ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
နောက်ပြီး ကျောက်တော်မြို့နယ်၊ချောင်းတူကျေးရွာအနီးရှိ အကျဥ်းထောင်ကို အောက်တိုဘာလ ၅ ရက်နေ့ညက အာဏာသိမ်းစစ်တပ်လေကြောင့်တိုက် ခိုက်လို့ အာရက္ခတပ်တော်ဖမ်းဆီးထိန်း သိမ်းထားတဲ့ အကျဥ်းသားတွေ၊စစ်သုံ့ပန်းတွေအပါအဝင် အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တချို့လည်း သေဆုံးဒဏ်ရာရကြတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအသိုင်းအဝိုင်းက ဆိုကြပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့လေတပ်အားသာချက်ဟာ တိုက်ပွဲအဆုံးအဖြတ်ကိုမပြောင်းလဲနိုင်ပေမယ့် တိုက်ပွဲအရှိန်ကိုထိန်းထားနိုင်တယ်လို့ အာဏာသိမ်းစစ်တပ်မှလေတပ် CDM လုပ်လာသူတွေက Border News Agency ကို ဖြေဆိုထားကြပါတယ်။
“ပုဏ္ဏားကျွန်းအပြင် ရသေ့တောင်၊ကျောက်တော်၊မြောက်ဦးထိ စစ်တပ်ကလေကြောင်းအပြင်းအထန်တိုက်ခိုက်နေတာကို တွေ့ရပါတယ်။ပုဏ္ဏားကျွန်းနဲ့ကျောက်တော်ကို အဓိကပစ်မှတ်ထားနေတာတွေ့ရပါတယ်။ခုနောက်ပိုင်းလေယာဥ်အုပ်စုလိုက်လာပစ်နေတာက အပြောင်းရှင်းစခန်းတိုက်နေသလိုပါပဲ။” လို့ စစ်ရေးလေ့လာစောင့်ကြည့်နေသူတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ပြန်သိမ်းယူဖို့ ထိုးစစ်ဆင်နေသလို အာရက္ခတပ်တော်ကလည်း စစ်တွေမြို့နယ်ကိုသိမ်းယူဖို့ တန်ပြန်ထိုးစစ်ဆင်နေပါတယ်။
အဲဒါကြောင့် စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တွေမှာ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတာမို့ အာဏာသိမ်းစစ်တပ်က ကြည်း၊ရေ၊လေပူးပေါင်းပစ်ခတ်တာတွေ နေ့စဥ်လိုလိုပြုလုပ်နေပါတယ်။
အဲဒီစစ်တွေ-ပလက်ဝ၊ကုလားတန်စီမံ ကိန်းလမ်းကြောင်းကို အာဏာသိမ်းစစ်တပ်က နေ့စဥ်လိုလို လေကြောင်းတိုက်ခိုက်နေပြီး စစ်တွေ-ရန်ကုန်ကားလမ်းဘေးနဲ့ မယူမြစ်နဲ့ ကုလားတန်မြစ်ကြားရှိ
တောင်တန်းတွေကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်နေတယ်လို့ ဆိုကြပါတယ်။










