Border News Agency
မလေးရှား၊ အောက်တိုဘာ ၇။
အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူတွေကို လေကြောင်းတိုက်ခိုက်နေချိန်မှာ မလေးရှားအစိုးရနဲ့ ဆက်နွှယ်နေတဲ့ကုမ္ပဏီတွေအပါအဝင် မလေးရှားကုမ္ပဏီအချို့ဟာ အာဏာသိမ်းစစ်တပ်ဆီ စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေထောက်ပံ့ပေးနေတယ်လို့ Justice For Myanmar (JFM) က အောက်တိုဘာလ ၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
မလေးရှားကုမ္ပဏီတွေဖြစ်တဲ့ FJ Global၊ AAT နဲ့ Skyways Technics Asia တို့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်ရေးဂျက်လေယာဉ်တွေ၊ဒရုန်းတွေနဲ့ ရဟတ်ယာဉ်တွေအတွက် အပိုပစ္စည်းတွေ စက်အစိတ်အပိုင်းတွေကိုပံ့ပိုးပေးခဲ့တာ သို့မဟုတ် ပံ့ပိုးဖို့ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။
အဲဒီအထဲက FJ Global ကုမ္ပဏီဟာ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အဖွဲ့အစည်းလက်အောက်ခံ PUNB ထံမှ ငွေကြေးထောက်ပံ့မှုရရှိထားတဲ့ ကုမ္ပဏီဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီအပြင် မလေးရှားအစိုးရဟာ အာဏာသိမ်းစစ်တပ်ရဲ့ သတင်းရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ရဲမှူးချုပ် လှိုင်မင်းဦးဆောင်တဲ့အဖွဲ့ကို လာမယ့်နိုဝင်ဘာလမှာ ကွာလာလမ်ပူမှာကျင်းပမယ့် အာဆီယံ ထောက်လှမ်းရေး အသိုက်အဝန်းညီလာခံဆီ တက်ရောက်ဖို့ စရိတ်ငြိမ်းဖိတ်ကြားထားတာပါ။
စစ်တပ်ကို မိမိနိုင်ငံကုမ္ပဏီတွေက ထောက်ပံ့ပေးနေတာကိုမတားဆီးဘဲ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို တရားဝင်မှုပေးပြီး ပြည်သူတွေကို အာဏာသိမ်းစစ်အုပ်စုလက်ထဲပြန်လွှဲအပ်နေတဲ့ မလေးရှားရဲ့လုပ်ရပ်တွေကို ရှုတ်ချပါတယ်လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောဆိုထားပါတယ်။










