Border News Agency
ဘန်ကောက်၊အောက်တိုဘာ ၇။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ဆာဖန်ဆန်ရှိ ဇိမ်ခံအိမ်တလုံးကို အောက်တိုဘာလ ၆ ရက်နေ့က ဆိုင်ဘာရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းခဲ့ပြီး Call Center ငွေလိမ်ဂိုဏ်းကွန်ရက်လုပ်နေတယ်လို့ သံသယရှိတဲ့ မြန်မာအမျိုးသမီးနှစ်ဦးအပါအဝင် တရုတ်အမျိုးသားတဦးဖမ်းဆီးခံခဲ့ရပါတယ်။
ဆိုင်ဘာရဲတပ်ဖွဲ့ဟာရှာဖွေဝရမ်းနဲ့ အောက်တိုဘာလ ၆ ရက်၊မနက် ၇ နာရီအချိန်ခန့်မှာ ဇိမ်ခံအိမ်တလုံးအတွင်းမှ တရုတ်၊ မြန်မာ၊ ရုရှားနဲ့ ထိုင်းနိုင်ငံသားစုစုပေါင်းလူဆယ့်တဦးကိုတွေ့ရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်လို့ သုံးဦးကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ မြန်မာအိမ်အကူတွေဆီမှ ငွေသားလက်ခံရယူထားတယ်လို့ရဲတပ်ဖွဲ့ကစွပ်စွဲထားတဲ့ အသက်သုံးဆယ်ခုနှစ်နှစ်အရွယ်တရုတ်အမျိုးသားတဦးနဲ့တရုတ်သံသယရှိသူဆီကို ငွေသားတွေကောက်ခံပေးပို့ခဲ့တယ်လို့ယူဆရတဲ့ အသက်သုံးဆယ်ငါးနှစ်နဲ့ နှစ်ဆယ့်လေးနှစ်အရွယ် မြန်မာအမျိုးသမီးအိမ်အကူနှစ်ဦးတို့ ဖြစ်ပါတယ်။
အဲဒီငွေလိမ်ဂိုဏ်းဟာ ကျောင်းသားတွေကိုပစ်မှတ်ထားကာ ဘတ်သန်းနှစ်ရာကျော်ကို လိမ်လည်ခဲ့တာဖြစ်ပြီး စီးနင်းမှုအတွင်း ဇိမ်ခံနာရီတွေအပြင် ငွေသား၊လက်ကိုင်ဖုန်း၊တက်ဘလက်၊ ဖလက်ရှ်ဒရိုက်၊ နိုင်ငံကူးလက်မှတ်၊ ဘဏ်စာအုပ်၊ ကိုယ်စားလှယ်လွှဲစာတွေနဲ့ ငွေလက်ခံဖြတ်ပိုင်းတွေအပါအဝင် ဘတ်သန်းတရာကျော်ရှိတဲ့ပစ္စည်းနဲ့အတူ သက်သေအထောက်အထားလေးဆယ်ကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
သူတို့အားလုံးဟာ သံသယရှိသူတွေသာဖြစ်ပြီး စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ဆက်လက်စုံစမ်းစစ်ဆေးမှုတွေနဲ့ တရားဥပဒေကြောင်းအရ ဆောင်ရွက်မှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။













