Border News Agency
ဖူးခက်၊ ဩဂုတ် ၂၈။
ထိုင်းနိုင်ငံ၊ဖူးခက်မြို့၊ဝိချစ်မြို့နယ်မှာ တရားမဝင်ကလေးထိန်းကျောင်း ဖွင့်လှစ်ထားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အသက်လေးဆယ်အရွယ် မြန်မာအမျိုးသမီးတဦးကို ဩဂုတ်လ ၂၆ ရက်က ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။
မသင်္ကာဖွယ်ကလေးထိန်းကျောင်းဖွင့်ထားကြောင်း သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ဝင်ရောက်စစ်ဆေးခဲ့ရာ တထပ်ငှားအိမ်အတွင်းမှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးငယ်ရှစ်ဦးနဲ့ အဲဒီအမျိုးသမီးကိုတွေ့ရှိခဲ့တာပါ။
အမျိုးသမီးအနေနဲ့ ကလေးထိန်းကျောင်းလုပ်ကိုင်ခွင့် လိုင်စင်စာရွက်စာတမ်းမပြနိုင်ခဲ့သလို ဘတ်ကတ်ပါအလုပ်အမျိုးအစားနဲ့ လုပ်ကိုင်တဲ့နေရာမကိုက်ညီတာကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
ဖမ်းဆီးခံရသူ မြန်မာအမျိုးသမီးက ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးတွေကို လေးလခန့်လက်ခံထိန်းပေးခဲ့ပြီး ကလေးတဦးကို တလဘတ်တထောင်နှုန်းကောက်ခံခဲ့တယ်လို့ ဝိချစ်မြို့နယ်ရဲစခန်း စစ်ဆေးချက်မှာဝန်ခံထားပါတယ်။
သူ့ကိုခွင့်ပြုချက်မရှိဘဲ ကလေးထိန်းကျောင်းဖွင့်လှစ်မှု၊သတ်မှတ်ထားတဲ့အလုပ်နဲ့ နေရာမကိုက်ညီဘဲလုပ်ကိုင်မှုတို့နဲ့ တရားစွဲဆိုထားပါတယ်။
ထိုင်းနိုင်ငံမှာ ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးမှုတင်းကျပ်နေတာကြောင့် ရွှေ့ပြောင်းလုပ်သားတွေ စိုးရိမ်နေကြပါတယ်။









