Border News Agency
နီပေါ၊ ဩဂုတ် ၂၈။
နီပေါနိုင်ငံမှာ သြဂုတ်လ ၂၆ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ရေကြီးရေလျှံမှု ဘေးအန္တရာယ်ကြောင့် ပျောက်ဆုံးနေတဲ့နိုင်ငံခြားသားတွေထဲက မလေးရှားနိုင်ငံသား ၅၁ ဦးရဲ့ အမည်စာရင်းနဲ့အချက်အလက်တွေကို အာဏာပိုင်တွေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
နီပေါရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ခုလက်ရှိအချိန်ထိ ရေကြီးမှုကြောင့် ပျောက်ဆုံးနေသူ စုစုပေါင်း ၆၄၄ ဦးရှိနေပြီး အဲဒီအထဲမှာ အိန္ဒိယနိုင်ငံသား ၁၇၈ ဦး၊ နီပေါနိုင်ငံသား ၁၂၇ ဦး၊ အမေရိကန်နိုင်ငံသား ၆၅ ဦးနဲ့ မလေးရှားနိုင်ငံသား ၅၁ ဦး ပါဝင်နေတာပါ။
ပျောက်ဆုံးနေတဲ့ မလေးရှားနိုင်ငံသား ၅၁ ဦးမှာ A Ganesan Anandan၊ Brabaakaran Krishnan၊ Eswary Mani Raj အပါအဝင် အမည်စာရင်းတွေကို နီပေါခရီးသွားလာရေးဌာနက အတည်ပြု ထုတ်ပြန်ထားပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan က ပျောက်ဆုံးနေတဲ့ မလေးရှားနိုင်ငံသား အရေအတွက် အတိအကျကို နီပေါ အာဏာပိုင်တွေနဲ့ပူးပေါင်းကာ ဆက်လက် စိစစ်နေတယ်လို့ ပြောဆိုထားပါတယ်။
အဲဒီအပြင် နီပေါရဲတပ်ဖွဲ့ဟာ ဘယ်သူဘယ်ဝါ အတည်မပြုနိုင်သေးတဲ့ သေဆုံးသူတွေရဲ့ ဓာတ်ပုံတွေနဲ့ အချက်အလက်တွေကိုလည်း ထုတ်ပြန်ထားပြီး မိသားစုဝင်တွေအလွယ်တကူ စိစစ်နိုင်ဖို့အတွက် ရဲတပ်ဖွဲ့ ဖေ့စ်ဘုတ်စာမျက်နှာရှိ QR Code ကို စကန်ဖတ်ပြီးကြည့်နိုင်တယ်လို့ အသိပေးထားပါတယ်။
















