Border News Agency
နီပေါ၊ဩဂုတ် ၂၉။
နီပေါနိုင်ငံမှာ လူပေါင်းရာနဲ့ချီသေဆုံးခဲ့ရတဲ့ ရုတ်တရက်ရေကြီးရေလျှံမှုဟာ တရုတ်နိုင်ငံတိဘက်ဒေသရှိရေကာတာကျိုးပေါက်မှုကြောင့် ဖြစ်ရတာလို့ နီပေါဘက်ကစွပ်စွဲလိုက်ပြီး အဲဒီစွပ်စွဲချက်ဟာသတင်းတုသာဖြစ်တယ်လို့ တရုတ်ဘက်ကငြင်းဆိုလိုက်ပါတယ်။
ရေထုစီးဆင်းမှုပြင်းအား တနာရီ မိုင် ၂၄၀ အထိရှိခဲ့တဲ့ အဲဒီရေကြီးမှုအတွင်း တရုတ်ဘက်ကကြိုတင်သတိပေးချက်ထုတ်ပြန်ဖို့ပျက်ကွက်ခဲ့တာကြောင့် လူအများအပြားသေကြေပျက်စီးခဲ့ရတာလို့ နီပေါဘက်ကပြောဆိုထားတာပါ။
အဲဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး နီပေါနိုင်ငံဆိုင်ရာတရုတ်သံရုံးက မဟုတ်မှန်ကြောင်းတုံ့ပြန်ခဲ့သလို တရုတ်ဘက်ကကြိုတင်သတိပေးဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်ကိုလည်းပယ်ချခဲ့ပါတယ်။
ဩဂုတ်လ ၂၆ ရက်၊မနက်ပိုင်းက နီပေါနိုင်ငံဘက်ခြမ်းမှာဖြစ်ပွားခဲ့တဲ့ ငလျင်နဲ့ရေခဲမြစ်ပြိုကျမှုကြောင့်သာ ခုလိုမြေပြိုရေကြီးမှုတွေဖြစ်ပေါ်ခဲ့တာလို့ တရုတ်ဘက်ကဆိုပါတယ်။
အဲဒီအပြင် အချင်းချင်းအပြစ်တင်စွပ်စွဲနေရုံနဲ့ ဘာမှအကျိုးရှိမှာမဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုကသာ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာ ဖြစ်တယ်လို့လည်း တရုတ်သံရုံးကတုံ့ပြန်ထားပါတယ်။
အဲဒီသဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူကိုးသောင်းကျော်ထိခိုက်ခံစားခဲရသလို ခုလက်ရှိမှာလည်း သေဆုံးသူငါးရာနီးပါးအထိရှိလာနေပြီး ပျောက်ဆုံးနေသူ တထောင့်ငါးရာရှိနေတာကြောင့် သေဆုံးသူအရေအတွက်ထပ်တိုးလာနိုင်တယ်လို့ နီပေါအာဏာပိုင်တွေကအသိပေးထားပါတယ်။






