Border News Agency
ဒဂုံ၊စက်တင်ဘာ ၃။
ရန်ကုန်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာ ငွေကျပ်သိန်း တထောင့်ငါးရာနှစ်ဆယ်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားခုနှစ်သောင်းခွဲကျော်ကို နေအိမ်တအိမ်အတွင်းကနေသိမ်းဆည်းရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဗဟိုက စက်တင်ဘာလ ၂ ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ သတင်းအရ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊အမှတ် ၉၂ ရပ်ကွက်၊ရတနာလမ်းမှာရှိတဲ့ နေအိမ်တအိမ်ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့ကဝင်ရောက်စစ်ဆေးရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီလိုစစ်ဆေးစဉ် နေဝင်းထွန်းရဲ့ နေအိမ်အတွင်းကနေသိုဝှက်ထားတဲ့ စိတ်ကြွဆေးပြားခုနှစ်သောင်းခြောက်ထောင်ပြားနဲ့ လက်ကိုင်ဖုန်းတလုံးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိသူအသက်ငါးဆယ်နှစ်နှစ်အရွယ် နေဝင်းထွန်းကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။
အဲဒီမူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုနဲ့ပတ်သက်တဲ့ ပါဝင်ပတ်သက်သူတွေနဲ့ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့လည်းဆိုပါတယ်။









