Border News Agency
တောင်ငူ၊ စက်တင်ဘာ ၃။
ပဲခူးတိုင်း၊တောင်ငူမြို့မှာ ငွေကျပ် တဘီလီယံလေးရာသုံးဆယ့်ခြောက်သန်းကိုးသိန်း တန်ဖိုးရှိတဲ့ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေကို မော်တော်ယာဉ်နှစ်စီးပေါ်ကနေ သိမ်းဆည်းရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဗဟိုက စက်တင်ဘာလ ၂ ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ တောင်ငူမြို့၊အမှတ် ၂၂ ရပ်ကွက်အနီးမှာ ပြီးခဲ့တဲ့ဩဂုတ်လ ၃၀ ရက်နေ့က သက်သေတွေနဲ့အတူ မော်တော်ယာဉ်တွေကို စစ်ဆေးရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီလိုစစ်ဆေးစဉ် ပန်းအောင်နဲ့ မနော်ဌေးဌေးစိုးတို့ စီးနင်းလာတဲ့ TOYOTA IPSUM အမျိုးအစားနဲ့ TOYOTA ALPHARD အမျိုးအစား မော်တော်ယာဉ်နှစ်စီးပေါ်ကနေ ဘိန်းဖြူ အလေးချိန်ခြောက်ဒသမသုံးလေးကီလို၊ စိတ်ကြွဆေးပြား ရှစ်သိန်းတသောင်းပြားနဲ့ လက်ကိုင်ဖုန်းနှစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိသူ အသက်သုံးဆယ့်ကိုးနှစ်အရွယ် ပန်းအောင်နဲ့ အသက် နှစ်ဆယ်အရွယ် မနော်ဌေးဌေးစိုးတို့ကို တောင်ငူမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။
အဲဒီမူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုနဲ့ပတ်သက်တဲ့ ပါဝင်ပတ်သက်သူတွေနဲ့ ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့လည်းဆိုပါတယ်။










