Border News Agency
တောင်ကြီး၊ စက်တင်ဘာ ၇။
ရှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့နယ်မှာ ငွေကျပ်သိန်းငါးဆယ်တန်ဖိုးရှိ စိတ်ကြွဆေးပြားတသောင်းကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗဟိုကော်မတီက စက်တင်ဘာလ ၇ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီတောင်ကြီးမြို့နယ်၊ပန်းစုံကျေးရွာအနီးမှာ စက်တင်ဘာလ ၄ ရက်နေ့က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ စောင့်ဆိုင်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုစောင့်ဆိုင်းစစ်ဆေးချိန် ဩဘာတ (ခ) စိုင်းဩဘာတ မောင်းနှင်လာတဲ့ HONDA FIT အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြတာဖြစ်ပါတယ်။
ရှာဖွေမှုအတွင်း သူ့ဆီကနေ ဒေသကာလတန်ဖိုး ငွေကျပ်သိန်းငါးဆယ်ခန့်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတသောင်းနဲ့ လက်ကိုင်ဖုန်းတလုံးတို့ကိုသိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
သူ့ကိုစိတ်ကြွဆေးပြားတွေနဲ့အတူ ရွှေညောင်နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ဆိုပါတယ်။







