Border News Agency
လောင်တလိုင်၊စက်တင်ဘာ ၈။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်တွေ၊နိုင်ငံခြားသားတွေအနေနဲ့ အရေးပေါ်အခြေအနေမှလွဲလို့ ည ၈ နာရီနောက်ပိုင်းအပြင်မထွက်ကြဖို့ ခရိုင်အုပ်ချုပ်ရေးမှူး Donny Lalruatsanga ကစက်တင်ဘာလ ၇ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
အဲဒီစစ်ဘေးရှောင်တွေအနေနဲ့ အလုပ်လုပ်ကိုင်လိုရင်သက်ဆိုင်ရာရပ်ကွက်ကောင်စီ (VC) နဲ့ YLA အဖွဲ့ဆီက အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) ရယူရမှာဖြစ်ပါတယ်။
အဲဒိီအပြင် စက်တင်ဘာလကစလို့လောင်တလိုင်မြို့အတွင်း စစ်ဘေးရှောင်တွေနဲ့နိုင်ငံခြားသားတွေကိုအိမ်ငှားရမ်းနေထိုင်ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ဆိုပါတယ်။
ရပ်ကွက်ကောင်စီတွေအနေနဲ့လည်း မိမိတို့နယ်မြေအတွင်းနေထိုင်တဲ့ နိုင်ငံခြားသားတွေနဲ့အိမ်ငှားတွေကိုစာရင်းဇယားနဲ့သေချာစွာ မှတ်တမ်းတင်ထားရမှာဖြစ်ပြီး အိမ်ထောင်စုတိုင်းကလည်းအိန္ဒိယနိုင်ငံသားမဟုတ်တဲ့ဧည့်သည်တွေရောက်ရင် ရပ်ကွက်ကောင်စီနဲ့ YMA ဆီ မပျက်မကွက်သတင်းပို့ရမှာဖြစ်ပါတယ်။
အဲဒီအပြင်ဒေသအတွင်းသို့ ပြောင်းရွှေ့နေထိုင်လိုသူတွေအနေနဲ့ အရင်နေထိုင်ခဲ့တဲ့ရပ်ကွက်ကောင်စီရဲ့ပြောင်းရွှေ့ထောက်ခံစာပါရှိရမှာဖြစ်ပြီး ထောက်ခံစာမရှိသူတွေကို ရပ်ကွက်အာဏာပိုင်တွေကဆုံးဖြတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဟိုတယ်နဲ့အိမ်ဧည့်ဂေဟာတွေ (Homestay) အနေနဲ့လည်း မသင်္ကာတဲ့ဧည့်သည်တွေကိုလက်ခံတာမလုပ်ကြဖို့နဲ့ဧည့်သည်တွေရဲ့မဲဆန္ဒရှင်ကတ်၊မော်တော်ယာဉ်မောင်းလိုင်စင် သို့မဟုတ် သက်သေခံကတ်ပြား မိတ္တူတွေကိုတောင်းယူထားရှိကာအပတ်စဉ် ဧည့်စာရင်းအစီရင်ခံစာကိုလောင်တလိုင် ခရိုင်ရဲတပ်ဖွဲ့မှူးဆီ ပေးပို့ရမယ်လို့ဆိုပါတယ်။







