Border News Agency
ထိုင်း၊စက်တင်ဘာ ၉ ။
ထိုင်းနိုင်ငံ၊နခွန်ဖနုမ်ခရိုင်၊ဘန်းဖဲင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးတွေသယ်ဆောင်နေကြောင်းသတင်းအရ အမှတ် ၂၁၀၁ စစ်ဆင်ရေးတပ်ဖွဲ့နဲ့လုံခြုံရေးတပ်ဖွဲ့တွေပူးပေါင်းပြီး စက်တင်ဘာလ ၉ ရက်၊ဒီနေ့ မနက်အစောပိုင်းကစောင့်ဆိုင်းခဲ့ရာ မူးယစ်ဆေးပြားတသိန်းရှစ်သောင်းနဲ့အတူ အမျိုးသားတဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီပူးပေါင်းတပ်ဖွဲ့ဟာ ဘန်းဖဲင်းမြို့နယ်၊ နောင်ဝဲင်းကျေးရွာအုပ်စုရှိ လမ်းဘေးတနေရာမှာ စောင့်ဆိုင်းနေချိန်အဖြူရောင်ကားတစီးရောက်လာပြီး လမ်းဘေးတင်ထားတဲ့ မူးယစ်ဆေးဝါးထုပ်တွေကိုကားနောက်ဖုံးအတွင်းသို့ တင်ဆောင်နေချိန်အာဏာပိုင်တွေကဝင်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
စစ်ဆေးမှုတွေအရ မူးယစ်ဆေးဝါးကိုးဆယ်ထုပ်မှာပါတဲ့ ဆေးပြားတသိန်းရှစ်သောင်းနဲ့ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ကားကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီဖမ်းဆီးရမိသူကို ဥပဒေအတိုင်းအရေးယူနိုင်ဖို့ ဘန်းဖဲင်းရဲစခန်းသို့လွှဲပြောင်းပေးပို့ထားပါတယ်။











