Border News Agency
ထိုင်း၊စက်တင်ဘာ ၉ ။
ထိုင်းနိုင်ငံ၊ချွန်ဘူရီခရိုင်၊ဖာန်ထောင်းမြို့နယ်မှာရှိတဲ့ စက်ရုံတရုံကနေဘတ်သုံးသန်းကျော်တန်ဖိုးရှိတဲ့ကြေးနီကြိုးတွေကို ဓားပြတိုက်ယူသွားတဲ့အုပ်စုထဲက မြန်မာနိုင်ငံသားငါးဦးကို စက်တင်ဘာ လ၈ ရက်နေ့မှာ ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။
ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်၊မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး မျက်နှာဖုံးစွပ်ထားတဲ့ လူဆယ်ဦးကျော်ပါဝင်တဲ့ အုပ်စုဟာစက်ရုံလုံခြုံရေးဝန်ထမ်းကို ဓားနဲ့ခြိမ်းခြောက်ကြိုးတုပ်ပြီး စက်ရုံထဲကကြေးနီကြိုးတွေကို ဖြတ်တောက်ကာပစ်ကပ်ကားနှစ်စီးနဲ့ တင်ဆောင်ထွက်ပြေးသွားခဲ့ကြတာပါ။
ရဲတပ်ဖွဲ့ကလိုက်လံစုံစမ်းခဲ့ပြီး စက်တင်ဘာလ ၈ ရက်နေ့မှာ ချွန်ဘူရီနဲ့ စမွတ်ပရာကန်ခရိုင်တွေမှာ အဓိကတရားခံနဲ့ ပူးပေါင်းပါဝင်သူမြန်မာငါးဦးကို မော်တော်ယာဉ်နှစ်စီးနဲ့အတူ ဖမ်းဆီးနိုင်ခဲ့ပြီးပူးပေါင်းဓားပြတိုက်မှုနဲ့အမှုဖွင့်ထားပါတယ်။
ဖမ်းဆီးခံရသူမြန်မာငါးဦးရဲ့ ထွက်ဆိုချက်အရ ကြေးနီကြိုးတွေကို စမွတ်ပရာကန်မှာရှိတဲ့ အဟောင်းဝယ်တဲ့ဆိုင်မှာသွားရောက်ရောင်းချခဲ့တာကြောင့် ရဲတပ်ဖွဲ့က သက်သေခံပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ဆိုင်ပိုင်ရှင်ကိုပါဥပဒေအတိုင်းအရေးယူထားပါတယ်။
အဲဒီထွက်ပြေးလွတ်မြောက်နေတဲ့ ကျန်တဲ့သူတွေကိုလည်း နာမည်စာရင်းရရှိထားပြီး အမြန်ဆုံးလိုက်လံဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေတယ်လို့ဖာန်ထောင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။












