Border News Agency
မြောက်ဦး၊စက်တင်ဘာ ၉ ။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ စက်တင်ဘာလ ၉ ရက်၊ဒီနေ့မှာကျရောက်တဲ့ ၈၇ နှစ်မြောက်ဆရာတော်ဦးဥတ္တမနေ့ကို ဆရာတော်ဦးဥတ္တမရုပ်ထုမှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေနဲ့ ကျောင်းသားလူငယ်တွေ လာရောက်ဂါရဝပြုပန်းခွေချခဲ့ကြပါတယ်။
ဆရာတော်အရှင်ဦးဥတ္တမဟာ ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့သူဖြစ်ပြီး ၁၉၂၁ ခုနှစ်က ဗြိတိသျှဘုရင်ခံထံရေးသားခဲ့တဲ့ “Craddock Get Out” စာတမ်းနဲ့အတူ အမျိုးသားရေးနိုးကြားမှုတွေကို လှုံ့ဆော်ပေးခဲ့တဲ့နိုင်ငံရေးအာဇာနည်တဦးဖြစ်ပါတယ်။
ဆရာတော်ဟာ ကိုလိုနီအစိုးရရဲ့ထောင်ဒဏ်အကြိမ်ကြိမ်ချမှတ်ခြင်းခံခဲ့ရပြီး ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ ထောင်တွင်းအစာငတ်ခံဆန္ဒပြရာမှ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။
အဲဒီပျံလွန်တော်မူခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ရောက်တိုင်း အာဇာနည်ဆရာတော်အား အောက်မေ့ဂုဏ်ပြုကြပြီး ရုပ်ထုမှာဂါရဝပြုတာနဲ့ပန်းခွေချတာတွေကို နှစ်စဉ်ပြုလုပ်ကြပါတယ်။











