Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၉ ။
မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ရဲ့ အစီရင်ခံစာပါဖော်ပြချက်တွေနဲ့ထုတ်ပြန်ချက်တွေကို လက်မခံဘဲပြင်းထန်စွာ ကန့်ကွက်ပယ်ချတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ဂျီနီဗာမြို့မှာကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ (၆၃) ကြိမ်မြောက် အစည်းအဝေးအတွင်း IIMM ရဲ့ အဋ္ဌမအကြိမ်မြောက်နှစ်ပတ်လည် အစီရင်ခံစာကိုတင်သွင်းဆွေးနွေးခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်က အခုလိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
IIMM က တင်သွင်းခဲ့တဲ့ အစီရင်ခံစာမှာအာဏာသိမ်းစစ်တပ်ဟာ အရပ်သားတွေအပေါ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ၊ ကွပ်မျက်တာတွေ၊ညှဉ်းပန်းနှိပ်စက်တာတွေနဲ့ စစ်ရာဇဝတ်မှုတွေကို လွန်ခဲ့တဲ့နှစ်တွေထက်ပိုမိုဆိုးရွားစွာ အရှိန်မြှင့်ကျူးလွန်လာကြောင်းနဲ့ ခိုင်လုံတဲ့သက်သေအထောက်အထားတွေ စုဆောင်းရရှိထားတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အာဏာသိမ်းစစ်တပ်ဘက်ကတော့ IIMM ဟာ သူတို့ရဲ့ သဘောတူညီချက်မပါဘဲ ဖွဲ့စည်းထားတာဖြစ်ပြီး အစီရင်ခံစာပါစွပ်စွဲချက်တွေဟာ အတည်မပြုနိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံထားတဲ့ တဖက်သတ်စွပ်စွဲချက်တွေပဲဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီပြင် အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ဆင်ရေးတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုအပေါ် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းတွေနဲ့အညီ စစ်ရေးပစ်မှတ်တွေကိုပဲ တုံ့ပြန်ဆောင်ရွက်တာဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။







