Border News Agency
ထိုင်း၊ စက်တင်ဘာ ၉ ။
ထိုင်းနိုင်ငံ၊ချွန်ဘူရီခရိုင်ရှိ မူကြိုကျောင်းတကျောင်းအတွင်း စက်တင်ဘာလ ၉ ရက်၊ မနက်ပိုင်းကအမျိုးသမီးတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူဟာ သူမရဲ့ခင်ပွန်း ရဲအရာရှိဖြစ်တယ်လို့သိရပါတယ်။
ဖြစ်စဉ်မှာမူကြိုကျောင်း ပထမထပ်စားသောက်ဆောင်အတွင်း အသက်လေးဆယ့်ရှစ်နှစ်အရွယ် မဖိုင်လင်ဆိုသူမှာ သေနတ်ဒဏ်ရာနဲ့သေဆုံးနေတာဖြစ်ပြီး ပစ်ခတ်မှုအပြီးကျောင်းမှာရှိတဲ့ ကလေးငယ်လေးဆယ့်လေးဦးစလုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပါဘူး။
မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ အမျိုးသားတဦးဟာ ကျောင်းဝင်းအတွင်း ကားမောင်းဝင်လာပြီး သေဆုံးသူနဲ့ စကားပြောပြီးနောက် သေနတ်နဲ့ပစ်ခတ်ကာ ကားနဲ့ပြန်လည်ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။
အဲဒီပြစ်မှုကျူးလွန်သူဟာ အသက်ငါးဆယ့်ခုနစ်နှစ်အရွယ် ရဲအရာရှိတာဆာဖုန်းဆိုသူဖြစ်ပြီး ဇနီးကိုပစ်ခတ်ပြီးနောက် နေအိမ်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတာဝန်ရှိသူတွေက အဲဒီရဲအရာရှိရဲ့ နေအိမ်ကိုဝိုင်းဝန်းပိတ်ဆို့ထားပြီး လက်နက်ချအဖမ်းခံဖို့ညှိနှိုင်းနေဆဲဖြစ်ကာ ပစ်ခတ်ရတဲ့ အဓိကအကြောင်းအရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။












