Border News Agency
ရန်ကုန်၊ စက်တင်ဘာ ၉ ။
စက်သုံးဆီချွေတာရေးအတွက် မော်တော်ယာဉ်တွေကို ရက်အလိုက် စုံ မ ခွဲခြားပြီး မောင်းနှင်စေခဲ့တဲ့စနစ်ကို စက်တင်ဘာလ ၉ ရက်နေ့ကစတင်ကာဖျက်သိမ်းလိုက်ပြီလို့ အာဏာသိမ်းစစ်တပ်ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောဆိုလိုက်ပါတယ်။
ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲတွေနဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်းစစ်ရေးပဋိပက္ခတွေကြောင့် စက်သုံးဆီချွေတာဖို့ဆိုပြီး အဲဒီစုံ မ စနစ်ကို ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကတည်းက စတင်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။
ဒီစနစ်ကို ကျင့်သုံးခဲ့တာကြောင့် ပြည်သူတွေသွားရေးလာရေး အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပြီး လက်ရှိမှာတော့ စွမ်းအင်ဆိုင်ရာ အခြေအနေတွေတည်ငြိမ်လာပြီဖြစ်တာကြောင့် ယာဉ်တွေ စုံရက် မရက် ခွဲပြီး မောင်းရတဲ့စနစ်ကို ပယ်ဖျက်ပေးလိုက်တာလို့ ဆိုပါတယ်။
ဒါပေမယ့် နိုင်ငံ့စွမ်းအင်လုံခြုံရေးအတွက် မော်တော်ယာဉ်တွေကို ဆီဖြည့်ပေးတဲ့အပိုင်းမှာတော့ QR Quota စုံ မ စနစ်ကို ဆက်လက်ထားရှိသွားဦးမယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စက်သုံးဆီပြတ်လပ်မှုနဲ့ စျေးနှုန်းကြီးမြင့်မှုတွေကို ထိန်းချုပ်နိုင်တာမရှိတာကြောင့် ပြည်သူတွေအပေါ် မော်တော်ယာဉ်မောင်းနှင်ခွင့် ကန့်သတ်ချက် အမျိုးမျိုးထုတ်ပြန်ကာ ဖိနှိပ်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။







