Border News Agency
ဖာပွန်၊ စက်တင်ဘာ ၁၆။
ကရင်ပြည်၊မူတြော်ခရိုင် (ဖာပွန်) အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့တပ်ဖွဲ့ဝင်တဦးကို လက်နက်ခဲယမ်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅)က စက်တင်ဘာလ ၁၅ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
မူတြော်ခရိုင်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ KNLA တပ်မဟာ (၅)၊ တပ်ရင်း (၁၀၂) က တပ်ဖွဲ့ဝင်တွေဟာ စစ်ဆေးရေးဆောင်ရွက်စဉ်အတွင်း စက်တင်ဘာလ ၁၄ ရက်နေ့ကအာဏာသိမ်းစစ်တပ်ရဲ့ MA-1 သေနတ်သုံးလက်ကို သိမ်းပိုက်ရရှိခဲ့တာပါ။
အဲဒီအပြင်စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ခမရ ၃၅၇ မှ အသက်လေးဆယ်အရွယ် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တဦးကို MA-1 သေနတ်တလက်၊ BA-100 ၆၀ မမစိန်ပြောင်းတလက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့တပ်ဖွဲ့ဝင်ကို KNLA က စစ်သုံ့ပန်းဥပဒေနဲ့အညီ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ဆိုပါတယ်။
မူတြော်ခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ KNLA တပ်မဟာ (၅) တို့ကြား စစ်ရေးတင်းမာမှုတွေဆက်လက်ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုတွေလည်းရှိနေပါတယ်။









