Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၁၆။
အာဏာသိမ်းစစ်တပ်ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ဟာ စက်တင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ စစ်တပ်ဘက်မှ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အားလုံးကိုတပြေးညီဖိတ်ခေါ်ခဲ့ကြောင်းနဲ့ ယုံကြည်မှုတည်ဆောက်ရေးအတွက် ဆွေးနွေးမှုတွေကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့တာပါ။
RCSS အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ယုံကြည်မှုဟာအရေးကြီးပြီး စစ်ဘေးဒဏ်ကြောင့် ရွှေ့ပြောင်းနေထိုင်ရတဲ့ ပြည်သူတွေနေရပ်ပြန်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးအစီအမံတွေကို ဆောင်ရွက်ပေးဖို့လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
အဲဒီအပြင် နှစ်ဖက်ကိုယ်စားလှယ်တွေဟာ ပဋိပက္ခကြောင့်ရွှေ့ပြောင်းရသူတွေရဲ့ ကိစ္စ၊ ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အခြေအနေတွေကိုပါဆွေးနွေးခဲ့ကြတာပါ။
ဆွေးနွေးပွဲအပြီးမှာ မူးယစ်ဆေးဝါးနဲ့အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးအပါအဝင် နှစ်ဖက်ဆွေးနွေးချက်တွေအပေါ် မှတ်တမ်းတင်ရေးထိုးခဲ့ကြပါတယ်။












