Border News Agency
မရာ၊ စက်တင်ဘာ ၂၂။
တတိယအကြိမ် မရာပြည်သူ့ညီလာခံသက်တမ်း၊ တတိယအကြိမ် ပုံမှန်ဗဟိုကောင်စီအစည်းအဝေးကို စက်တင်ဘာလ ၁၇ ရက်မှ ၁၈ ရက်အထိ မရာနယ်မြေတနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။
အဲဒီအစည်းအဝေးသို့ ပြည်တွင်းပြည်ပမှ ဗဟိုကောင်စီဝင်တွေ၊ကာကွယ်ရေးတပ်ဖွဲ့ (MDF) မှ ဗဟိုကောင်စီဝင်တွေ၊အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်းမှုန်းဆာခေါင်းနဲ့ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC/CB) ဥက္ကဋ္ဌ ဆလိုင်းထန်းချန်းမနောတို့အပါအဝင် စုစုပေါင်းခုနှစ်ဆယ့်ငါးဦးတက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ စာရင်းစစ်ကော်မတီရဲ့ ငွေစာရင်းအစီရင်ခံစာနဲ့ ရသုံးမှန်းခြေငွေစာရင်းတို့ကိုအတည်ပြုတာ၊ နုတ်ထွက်စာနဲ့ စစ်မှုထမ်းအက်ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုတာ၊ ကာကွယ်ရေးအက်ဥပဒေ၊ မြို့နယ်အုပ်ချုပ်ရေးအက်ဥပဒေ ပြင်ဆင်ပြဋ္ဌာန်းချက်အပါအဝင် အဆိုပေါင်း တဆယ့်ခုနှစ်ခုကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။
အဲဒီအပြင် မရာနယ်မြေအတွင်း အုပ်ချုပ်ရေးယန္တရားတွေစနစ်တကျလည်ပတ်နိုင်ရေး၊ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) ကို ပိုမိုစနစ်ကျတဲ့ ကာကွယ်ရေးတပ်အဖြစ် တည်ဆောက်ရေးနဲ့အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်တွေကို မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းခုခံသွားဖို့သဘောတူညီခဲ့ကြပါတယ်။
မရာပြည်သူတစ်ရပ်လုံးအတွက် ပြည့်ဝလုံခြုံသောနိုင်ငံရေးအဆောက်အအုံကို ဆက်လက်တည်ဆောက်သွားမယ်လို့လည်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီကဆိုပါတယ်။








