Border News Agency
မလေးရှား၊ စက်တင်ဘာ ၂၄။
မလေးရှားနိုင်ငံ Pekan Nanas ထိန်းသိမ်းရေးစခန်းမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတစ်ရာ့နှစ်ဆယ့်ငါးဦးကို စက်တင်ဘာလ ၂၄ ရက်၊ ဒီနေ့လေကြောင်းကနေ မြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်မယ်လို့ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကထုတ်ပြန်ထားပါတယ်။
သူတို့ကို မြန်မာ့လေကြောင်းအမှတ်စဉ် 8M-502 နဲ့ 8M-504 တို့နဲ့ ပြန်လည်ပို့ဆောင်မှာဖြစ်ကြောင်းဖော်ပြထားတာပါ။
အဲဒီအပြင် မလေးရှားနိုင်ငံ Tenah Merah ထိန်းသိမ်းရေးစခန်းကနေလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်ကမြန်မာနိုင်ငံသား ရှစ်ဆယ့်ခြောက်ဦးကို လေကြောင်းနဲ့ ပြန်လည်ပို့ဆောင်ခဲ့ပါသေးတယ်။
ထိန်းသိမ်းရေးစခန်းအသီးသီးမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ မိသားစုဝင်တွေဆီမှ တာဝန်ရှိသူမဟုတ်သူတွေက ငွေကြေးလိမ်လည်တောင်းခံတာတွေရှိနေတာကြောင့် သတိထားဆောင်ရွက်ကြဖို့ ကွာလာလမ်ပူမြန်မာသံရုံးက အသိပေးထားပါတယ်။
မလေးရှားနိုင်ငံမှာ ၂၀၂၆ ခုနှစ်၊ဇန်နဝါရီလကနေ စက်တင်ဘာလ ၁၇ ရက်နေ့အထိ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ငါးသောင်းခုနှစ်ထောင်ကိုထိန်းသိမ်းခဲ့ပြီး အဲဒီအထဲမှာမြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအများဆုံးပါဝင်တယ်လို့ မလေးရှားသတင်းဌာနတွေရဲ့ ဖော်ပြပါတယ်။










