Border News Agency
အိန္ဒိယ၊ စက်တင်ဘာ ၂၄။
အိန္ဒိယနဲ့တရုတ်နိုင်ငံတို့ဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့အတွက် နှစ်နိုင်ငံစလုံးနဲ့ အလေးထားဆက်ဆံနေရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။
အဲဒီအပြင် သုံးနိုင်ငံဆက်ဆံရေးဟာ “အသားညှပ်ပေါင်မုန့်” (Sandwich) လိုဖြစ်နေကြောင်း TIME မဂ္ဂဇင်းနဲ့အင်တာဗျူးမှာ သူက ထည့်သွင်းပြောကြားခဲ့တာပါ။
တရုတ်နိုင်ငံအပေါ် မှီခိုနေရသလားဆိုတဲ့ မေးမြန်းမှုနဲ့ပတ်သက်လို့ မင်းအောင်လှိုင်က မှီခိုနေတာမဟုတ်ဘဲ အိမ်နီးချင်းဖြစ်လို့ ပိုပြီး အလေးထားဆက်ဆံတာဖြစ်ကြောင်းနဲ့ အိန္ဒိယ၊ မြန်မာ၊ တရုတ် သုံးနိုင်ငံ ဆက်ဆံရေးဟာ အသားညှပ်ပေါင်မုန့်လို ဖြစ်နေကြောင်း ပြန်လည် ဖြေကြားခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်မှု အများဆုံးနိုင်ငံဟာ တရုတ်နိုင်ငံဖြစ်ကြောင်းနဲ့တရုတ်ရဲ့ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေဟာ တိုင်းပြည်စီးပွားရေးအတွက် အထောက်အကူရနေကြောင်းလည်း ဆိုပါတယ်။
အမေရိကန်အပါအဝင် နိုင်ငံတကာရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးပိတ်ဆို့မှုတွေကြောင့် အခက်အခဲတွေရှိနေတာကြောင့် တရုတ်-မြန်မာ ကုန်သွယ်ရေးမှာယွမ်နဲ့ကျပ်တိုက်ရိုကပေးချေနိုင်ဖို့ ဆောင်ရွက်ထားတာတွေရှိနေတယ်လို့လည်းဆိုပါတယ်။










