Border News Agency
မီဇိုရမ်၊နိုဝင်ဘာ ၁၁။
မီဇိုရမ်ပြည်နယ်အတွင်း တရားမဝင်မူးယစ်ဆေးဝါးနဲ့ကုန်ပစ္စည်းမှောင်ခိုကူးမှုတွေကိုရဲတပ်ဖွဲ့က အရှိန်အဟုန်မြှင့်တားဆီးနှိမ်နင်းရာ မက်သာဖက်တမင်း၊ဟီးရိုးအင်းနဲ့ နိုင်ငံခြားဖြစ်ဆေးလိပ်တွေကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဇိုခေါသရ်ရဲစခန်းတပ်ဖွဲ့ဟာ နိုဝင်ဘာလ ၉ ရက်နေ့က ဇိုခေါသရ်နှင့် မဲလ်ဘုတ်အကြားကင်းလှည့်စဉ် ဇိုခေါသရ်မှချမ်ဖိုင်းသို့မောင်းနှင်လာတဲ့ Maruti Suzuki Eeco Van မော်တော်ယာဉ်တစီးပေါ်မှမက်သာဖက်တမင်း ၃.၂၇၅ ကီလိုဂရမ် ကာလတန်ဖိုးအိန္ဒိယရူပီ ၂၆၂ သိန်း နဲ့ ဟီးရိုးအင်း ၁၄၅ ဂရမ်ကာလတန်ဖိုး ရူပီ ၂၉ သိန်းတို့ကိုတွေ့ရှိခဲ့တာပါ။
အဲဒီယာဉ်ပေါ်ပါလာသူတွေဖြစ်တဲ့ ချမ်ဖိုင်းမြို့၊ ဒင်းသာရ်ရပ်ကွက်မှ အသက် ၆၅ နှစ်အရွယ် လာလ်သန်းဗူးလားနဲ့ အသက် ၅၈ နှစ်အရွယ် ဆန်းကီးမီးတို့နှစ်ဦးကိုဖမ်းဆီးကာ ND&PS ဥပဒေနဲ့အမှုဖွင့်ထားပါတယ်။
အဲဒီအပြင် နိုဝင်ဘာလ ၉ ရက်၊ ညပိုင်းကလည်း အိုက်ဇောလ် DEF တပ်ဖွဲ့ဟာ စယ်လင်းစစ်ဆေးရေးဂိတ်မှာ တာတာဆူမိုးနဲ့မဟိန္ဒြာပစ်ကပ်မော်တော်ယာဉ်နှစ်စီးကို စစ်ဆေးရာမှ ရူပီ၂၄၇ သိန်းခန့်တန်ဖိုးရှိနိုင်ငံခြားဖြစ်ဆေးလိပ်မာစတာကေစ် ၉၃ ခုကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီအိုက်ဇောလ်မြို့၊ အီဒန်းသာရ်ရပ်ကွက်နေ အသက် ၅၁ နှစ်အရွယ် စင်းဂရိုးထူးအာမီးနဲ့ ဇိုခေါသရ်ရွာနေ အသက် ၃၀ အရွယ်လာလ်ဆမလီယားနားတို့ကို ဖမ်းဆီးထားပါတယ်။
အဲဒီအပြင်နိုဝင်ဘာလ ၈ ရက်နေ့ကလည်း ဆိုင်တွာလ်ရဲတပ်ဖွဲ့ဟာကွယ်လ်မောင်းကေဖန်းမှာ ရှောင်တခင်စစ်ဆေးမှုပြုလုပ်စဉ် Brezza မော်တော်ယာဉ်တစီးပေါ်မှ ကာလတန်ဖိုး ရူပီ ၁၄၆ သိန်းကျော်တန်ဖိုးရှိ ဟီးရိုးအင်း ၇၃၃ ဂရမ်ကို ဖမ်းဆီးရမိခဲ့တာပါ။
အဲဒီမူးယစ်ဆေးဝါးတွေနဲ့အတူ အာသံပြည်နယ်၊ နာဂါအွန်ခရိုင်မှ အသက် ၂၇ အရွယ်ဂျိုဟီးရုလ်အစ္စလာမ်နဲ့ အသက် ၁၉ နှစ်အရွယ်ဂူးလ်ဂျာဟူစိန်တို့နှစ်ဦးကို ဖမ်းဆီးအရေးယူထားပါတယ်။









