Border News Agency
ကျောက်တော်၊စက်တင်ဘာ ၂၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်ကို စက်တင်ဘာလ ၂၅ ရက်၊ဒီနေ့ ညအချိန်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် အရပ်သားခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီကျောက်တော်မြို့ရှိ ပြည်တော်သာကိုးလမ်း၊ပိုက်သည်ရွာနဲ့ နိဒင်ရွာကို ဒီနေ့ ည ၂ နာရီကျော်အချိန်က ဒရုန်းဗုံးအလုံးလေးဆယ်နဲ့ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ပြည်တော်သာရပ်ကွက်မှ အသက်ငါးဆယ့်ငါးနှစ်အရွယ် ဦးစိန်သန်းနဲ့ အသက်ငါးဆယ့်လေးနှစ်အရွယ်ဒေါ်ရွှေရီတို့ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင်ပိုက်သည်ရွာနဲ့ နိဒင်ရွာတို့မှ အသက်တနှစ်အရွယ်မူဆလင်ကလေးငယ် ဘီဘီဆာနေးယားအပါအဝင် မူဆလင်ငါးဦးလည်းဒဏ်ရာရသွားခဲ့တာပါ။
ဒဏ်ရာရသူတွေထဲ ဒေါ်ရွှေရီမှာ ဘယ်ဘက်ဝမ်းဗိုက်ဗုံးစထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိထားပြီး အသက်တနှစ်အရွယ်ကလေးငယ်မှာ နဖူးဒဏ်ရာ၊အသက်ရှစ်နှစ်အရွယ် ကလေးငယ်မှာ ညာဘက်ခြေထောက်ဒဏ်ရာရရှိခဲ့ကြပါတယ်။
အဲဒီအပြင်ပြည်သူတွေနဲ့နေအိမ်တွေထိခိုက်ပျက်စီးခဲ့ရပြီး စက်တင်ဘာလ ၂၄ ရက်၊ ညနေပိုင်းကလည်း အာဏာသိမ်းစစ်တပ်က ရသေ့တောင်မြို့နယ်၊ ဇီးကိုင်းရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီစစ်တွေ- ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ အာရက္ခတပ်တော်နဲ့ အာဏာသိမ်းစစ်တပ်လို့ စက်တင်ဘာလ ၄ ရက်နေ့ကစလို့ တိုက်ပွဲတွေပြင်းနေပါတယ်။
အဲဒါကြောင့် အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့တွေကို လေကြောင်း၊လက်နက်ကြီးတွေနဲ့ နေ့စဥ်ရွယ်ရည်ချက်ရှိရှိပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် အရပ်သားတွေသေဆုံး၊ဒဏ်ရာရနေကြပါတယ်။














