Border News Agency
စစ်တကောင်း၊စက်တင်ဘာ ၂၆။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်းခရိုင် စီတာကွန်ဒါဒေသမှတဆင့် အာရက္ခဒေသဘက်သို့ တင်ပို့ဖို့ကြိုးပမ်းနေတဲ့ ယူရီးယားမြေဩဇာအိတ်ခြောက်ရာနဲ့ မူဆလင်ကုန်သည်နှစ်ဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့ (BCG) ကစက်တင်ဘာလ ၂၄ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။
ဘာတီယာရီစခန်းမှတပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ ၂၄ ရက်၊မနက် ၁၂ နာရီခွဲခန့်မှာ ဘာရှ်ဘာရီယာဆိပ်ကမ်းအနီးသွားရောက်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့တာပါ။
အဲဒီဖမ်းဆီးမှုအတွင်း ထရပ်ကားနှစ်စီးပေါ်မှ ယူရီးယားမြေဩဇာအိတ်တွေကို အာရက္ခဒေသဘက်သို့ ပို့ဆောင်ဖို့ကုန်တင်လှေပေါ်သို့ ပြောင်းရွှေ့တင်ဆောင်နေစဉ် တပ်ဖွဲ့ဝင်တွေကဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီစစ်ဆေးမှုမှာ ခန့်မှန်းတန်ဖိုးဘင်္ဂလားဒေ့ရှ်တာကာနှစ်ဆယ့်တသိန်းခန့်တန်ဖိုးရှိတဲ့ ယူရီးယားမြေဩဇာအိတ်ခြောက်ရာ၊ သယ်ဆောင်ရာမှာအသုံးပြုတဲ့ ထရပ်ကားနှစ်စီးကိုလည်းဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးရမိသူတွေနဲ့သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကိုဥပဒေအတိုင်း ဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး နယ်စပ်ကုန်သွယ်မှုတရားမဝင်ရောင်းဝယ်ရေးတွေကိုလည်း ဆက်လက်တင်းကျပ်စစ်ဆေးသွားမယ်လို့ BCG ဘက်ကထုတ်ပြန်ထားပါတယ်။







