Border News Agency
ပုဏ္ဏားကျွန်း၊ စက်တင်ဘာ ၃၀။
အာဏာသိမ်းစစ်တပ် ပြန်ထိုးစစ်ဆင်သိမ်းယူဖို့ကြိုးစားနေတဲ့ပုဏ္ဏားကျွန်းမြို့နယ်မှာ စက်တင်ဘာလ ၃၀ ရက်နေ့၊ည ၉ နာရီကျော်အချိန်ထိ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကဆိုကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို စက်တင်ဘာလ ၃၀ ရက်နေ့၊ မနက်ကစတင်ပြီးအာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေပစ်ခတ်နေတာဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့ညထိ လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
“လက်နက်ကြီးတအားပစ်နေပါတယ်။ ဆက်တိုင်းပစ်တာပါ။ အတွဲလိုက်လည်းပစ်ပါ။ ခုပစ်နေတာပါ။ ကွမ်းတောင်ဖက်မှာ။”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊တန်ဘက်လှန်းရွာကို စက်တင်ဘာလ ၃၀ ရက်နေ့၊မနက် ၆ နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပါတယ်။
အဲဒီတန်ဘက်လှန်းကျေးရွာအပါအဝင်ကျေးရွာတချို့ဟာ စစ်ဘေးရှောင်သွားကြပေမယ့် အာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်ခတ်တာတွေ၊လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏလုပ်နေပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်တိုက်လေယာဥ်တွေ လာရောက်ပစ်ခတ်နေတာမို့ အရပ်သားပြည်သူတွေစိုးရိမ်နေကြရတယ်လို့ ဆိုကြပါတယ်။
“လေယာဥ်တွေလာနေကြပါတယ်။ အကုန်လုံးဗုံးတွင်းထဲကို ဝင်ပြေးနေကြရပါတယ်။”လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေပေမယ့် အာရက္ခတပ်တော်က အပြင်းအထန်ခုခံနေတာမို့ အာဏာသိမ်းစစ်တပ်ဟာ ရှေ့မတိုးနိုင်ဖြစ်နေပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်က တန်ပြန်ထိုးစစ်ဆင်နေတာမို့ စစ်တွေမြို့နယ်အစပ်ကို အာဏာသိမ်းစစ်တပ်က အပြင်းအထန်ခုခံနေရပါတယ်။










