Border News Agency
မလေးရှား၊အောက်တိုဘာ ၂။
မလေးရှားနိုင်ငံ၊ကလန်တန်ပြည်နယ်၊ကလန်တန်မြစ်အတွင်းလှေနဲ့တရားမဝင်လာတဲ့ မြန်မာနိုင်ငံသားရှစ်ဦးနဲ့ ဒေသခံပွဲစားတဦးကို မလေးရှားရေကြောင်းလုံခြုံရေးအေဂျင်စီကဖမ်းဆီးခဲ့တယ်လို့ မလေးရှားရေကြောင်းတပ်ဖွဲ့က အောက်တိုဘာလ ၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
သူတို့က စက်တင်ဘာလ ၂၆ ရက်နေ့က မလေးရှားရေကြောင်းတပ်ဖွဲ့နဲ့အထွေထွေစစ်ဆင်ရေးတပ်ဖွဲ့တို့ရဲ့ ထောက်လှမ်းရေးသတင်းအရကလန်တန်မြစ်အတွင်းဖမ်းဆီးခဲ့တာပါ။
မလေးရှားရေကြောင်းတပ်ဖွဲ့ဟာမီးမှိတ်ပြီးမောင်းနှင်လာတဲ့ လှေတစင်းကိုကြားဖြတ်တားဆီးရာမှ မြန်မာအမျိုးသားလေးဦး၊အမျိုးသမီးလေးဦးနဲ့ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ်ပွဲစားတဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့မြန်မာ ရှစ်ဦးထဲကခုနှစ်ဦးမှာ ကမ်းစပ်အနီးစောင့်ဆိုင်းနေတဲ့ ကားထဲမှာရှိနေပြီးကျန်တဦးမှာ ဒေသခံယာဉ်မောင်းနဲ့အတူ ကားအပြင်ဘက်မှာရှိနေချိန်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာ ဖမ်းဆီးရမိသူတွေကို တရားဝင်ခရီးသွားအထောက်အထား မရှိမှု၊သတ်မှတ်မထားတဲ့ ဝင်ပေါက်မှခိုးဝင်မှုတို့နဲ့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေ၊လူမှောင်ခိုကူးမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူဆောင်ရွက်နေပါတယ်။










