Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးငူ (ဗျာလ) စစ်ဘေးရှောင်စခန်းကို အောက်တိုဘာလ ၄ ရက်၊ဒီနေ့ ညနေပိုင်းမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရသူတွေထဲကငါးဦး ထပ်မံသေဆုံးသွားခဲ့ပြီး စုစုပေါင်းသေဆုံးသူ တဆယ့်တဦးအထိရှိလာပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အစောပိုင်းမှာ စစ်ဘေးရှောင်ခြောက်ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်လို့ ဆေးကုသမှုခံယူနေရတဲ့ စစ်ဘေးရှောင်ခုနှစ်ဦးထဲက ငါးဦးထပ်မံသေဆုံးသွားခဲ့တာဖြစ်ပါတယ်။
သေဆုံးသွားသူတဆယ့်တဦးထဲကအသက် ခြောက်ဆယ့်တနှစ်အရွယ် ဦးထွန်းဝင်း၊ အသက် ငါးဆယ့်ရှစ်နှစ်အရွယ် ဦးထွန်းစိန်မောင်၊ အသက်သုံးဆယ့်ရှစ်နှစ်အရွယ် မောင်မိုးဝင်း (ခ) လူကြီးသံနဲ့ အသက်နှစ်ဆယ့်လေးနှစ်အရွယ် ဝင်းရွှေစိုး (ခ) ညီချေတို့ဖြစ်ပါတယ်။
ဒါပေမယ့် ကျန်တဲ့သေဆုံးသူစာရင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်သလို ဒဏ်ရာရရှိသူနှစ်ဦးကိုလည်း ဆေးကုသမှုဆက်လက်ပေးနေရပြီး အပျက်အစီးတွေကြားက ထိခိုက်သေဆုံးသူတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေကဆက်လက်ရှာဖွေနေကြပါတယ်။










