Border News Agency
စစ်တကောင်း၊ အောက်တိုဘာ ၇။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်းမြို့၊ပတန်ဂါရဲစခန်းပိုင် ကိန်းနားဖူလီရေလက်ကြားအနီးမှာ အာရက္ခဒေသကို တရားမဝင်မှောင်ခိုကူးဖို့ ဘိလပ်မြေတင်ဆောင်ထားတဲ့ ကုန်တင်စက်လှေတစီးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်က ဖမ်းဆီးခဲ့ပါတယ်။
အဲဒီစစ်တကောင်းမြို့၊ပတန်ဂါရဲစခန်းပိုင် ကိန်းနားဖူလီရေလက်ကြားမှာ အောက်တိုဘာလ ၆ ရက်နေ့က ပတန်ဂါကမ်းခြေစောင့်တပ်စခန်းက အထူးစစ်ဆင်ရေးပြုလုပ်ပြီး သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
စစ်ဆေးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်တာကာ လေးသိန်းခန့်တန်ဖိုးရှိ ဘိလပ်မြေအိတ်ရှစ်ရာနဲ့အတူ မှောင်ခိုကူးရာမှာ အသုံးပြုတဲ့ကုန်တင်စက်လှေတစီးကို သိမ်းဆည်းရမိခဲ့တာပါ။
ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေရောက်ရှိလာတာကို သိသွားတာကြောင့် မှောင်ခိုကူးသူတွေဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး လက်ရှိမှာတော့ တရားခံတွေကိုဖမ်းဆီးရမိတာမရှိသေးပါဘူး။
သိမ်းဆည်းရမိတဲ့ ဘိလပ်မြေနဲ့စက်လှေတို့ကို ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း အရေးယူနိုင်ဖို့ ဆောင်ရွက်နေပြီး အခုလိုမှောင်ခိုကူးမှုတွေကို ဆက်လက် တားဆီးနှိမ်နင်းသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ကပြောပါတယ်။








