Border News Agency
ရန်ကုန်၊ အောက်တိုဘာ ၇။
တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားတာမရှိဘဲ အနောက်တိုင်းဆေးတွေရောနှောထားတဲ့ “အောင်ပန်းဆရာတော်သောက်တဲ့ဆေး” အပါအဝင် ဆေးလေးမျိုးကို အများပြည်သူမသုံးစွဲကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးတားမြစ်လိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ အောင်ပန်းဘုန်းကြီးကျောင်းတိုက်ကို သတင်းပေးတိုင်ကြားချက်အရ တိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီက ရှောင်တခင်ဝင်ရောက်စစ်ဆေးရာကနေ အဲဒီဆေးတွေကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဲဒီလိုစစ်ဆေးရာမှာ အောင်ပန်းဆရာတော်သောက်တဲ့ဆေးနဲ့ ဒူးနာခါးနာပျောက်ဆေးအပါအဝင် ဆေးလေးမျိုးဟာ ထုတ်လုပ်ခွင့်လိုင်စင်မရှိတဲ့အပြင် အနောက်တိုင်းဆေးတွေ ရောနှောထားတာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
ကျန်းမာရေးဝန်ကြီးဌာနက မှတ်ပုံမတင်ထားတဲ့ တိုင်းရင်းဆေးတွေနဲ့ စံမညီဆေးဝါးတွေကို တင်သွင်းဖြန့်ဖြူးရောင်းချတာတွေ လုံးဝမလုပ်ကြဖို့နဲ့ လိုက်နာမှုမရှိရင် တိုင်းရင်းဆေးဝါးဥပဒေနဲ့ တရားစွဲဆိုအရေးယူသွားမယ်လို့ အသိပေးထားပါတယ်။
















