Border News Agency
မောင်တော၊ အောက်တိုဘာ ၈။
မောင်တောခရိုင် ဘူးသီးတောင်နဲ့ မောင်တောမြို့တွင်းဧရိယာတွေမှာ ယာဉ်မတော်တဆမှု မဖြစ်ပွားစေရေးနဲ့ အများပြည်သူလုံခြုံရေးအတွက် ယာဉ်အမြန်နှုန်းထိန်းချုပ်ရေးနဲ့ ဟွန်းအသုံးပြုမှုဆိုင်ရာညွှန်ကြားချက်တွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က အသိပေးအကြောင်းကြားလိုက်ပါတယ်။
မြို့တွင်းဧရိယာတွေနဲ့ လူစည်ကားရာနေရာတွေမှာ အများပြည်သူ နေ့စဉ်သွားလာနေတဲ့လမ်းမကြီးတွေပေါ် ယာဉ်သွားလာမှုများပြားလာတာ၊ ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဘာသာရေး အဆောက်အအုံတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ လူနဲ့ ယာဉ်ရောနှောသွားလာနေတာကြောင့် ယာဉ်အန္တရာယ် ကင်းရှင်းအောင် စည်းကမ်းချက်တွေ ထုတ်ပြန်ရတာဖြစ်ပါတယ်။
အဲဒီညွှန်ကြားချက်အရ သတ်မှတ်ဧရိယာတွေမှာ မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေကို တနာရီ ၃၀ ကီလိုမီတာ (30 km/h) ထက် ပိုမောင်းနှင်တာမပြုရဘဲ လမ်းအခြေအနေနဲ့ လူစည်ကားမှုအပေါ် မူတည်ပြီး လိုအပ်ရင် အမြန်နှုန်းကို ထပ်မံလျှော့ချမောင်းနှင်ရမှာပါ။
အဲဒီအပြင် ဆိုင်ကယ်မောင်းသူတိုင်း မေးသိုင်းကြိုးတပ် ဆိုင်ကယ်စီးဦးထုပ်မဖြစ်မနေဆောင်းကြဖို့၊ကျောင်း၊ ဆေးရုံ၊ ဈေးနဲ့ ဘာသာရေးအဆောက်အအုံတွေနားမှာ မလိုအပ်ဘဲ ဟွန်းဆူညံစွာမတီးကြဖို့နဲ့ “ဟွန်းမတီးရ” ဧရိယာ စည်းကမ်းတွေကို တိကျစွာလိုက်နာကြဖို့ပါရှိပါတယ်။
သတ်မှတ်ထားတဲ့ ယာဉ်အမြန်နှုန်း၊ လမ်းညွှန်ဆိုင်းဘုတ်တွေနဲ့ ယာဉ်/လမ်းစည်းကမ်း ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိဘဲ ဖောက်ဖျက်သူတွေကို တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ULA က အသိပေးထားပါတယ်။


















