Border News Agency
ရန်ကုန်၊ အောက်တိုဘာ ၉။
စံချိန်စံညွှန်းမမီတဲ့ ကျားနဂါးအမှတ်တံဆိပ် မြိတ်ငံပြာရည်နဲ့ ကင်းမွန်အမှတ်တံဆိပ် ပဲငံပြာရည်တို့ကို ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းဖို့ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ကအသိပေးထုတ်ပြန်ထားပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ကျားနဂါး မြိတ်ငံပြာရည်လုပ်ငန်းမှထုတ်လုပ်တဲ့ ကျားနဂါးအမှတ်တံဆိပ် မြိတ်ငံပြာရည် ၁,၀၀၀ မီလီလီတာမှာ နိုက်ထရိုဂျင် ပါဝင်မှုဟာ သတ်မှတ်စံနှုန်းအောက် လျော့နည်းနေပြီး ထုတ်လုပ်တဲ့ ရက်စွဲလည်း ဖော်ပြထားတာမရှိတာ စစ်ဆေးတွေ့ရှိခဲ့တာပါ။
အဲဒီအပြင်ကင်းမွန် စားသောက်ကုန်လုပ်ငန်းမှထုတ်လုပ်တဲ့ ကင်းမွန် အမှတ်တံဆိပ် ပဲငံပြာရည် ၇၅၀ မီလီလီတာမှာလည်း တာရှည်ခံစေဖို့ အသုံးပြုတဲ့ Benzoic Acid ပါဝင်မှုမှာ သတ်မှတ်ပမာဏထက် နှစ် ဒသမ ၅၆ ဆခန့် ပိုမိုမြင့်မားနေတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
အဲဒီကျားနဂါး မြိတ်ငံပြာရည်နမူနာကို ဧရာဝတီတိုင်း၊ အင်္ဂပူဈေးမှ ကောက်ယူခဲ့တာဖြစ်ပြီး ကင်းမွန် ပဲငံပြာရည် နမူနာကို မန္တလေးတိုင်း၊ ဈေးချိုဈေးမှကောက်ယူ စစ်ဆေးခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် အရည်အသွေးနဲ့စံချိန်စံညွှန်း မပြည့်မီတဲ့ အစားအသောက်ထုတ်ကုန်နှစ်မျိုးကို ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းဖို့ FDA က အသိပေးထားပါတယ်။







