Border News Agency
ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၆။
မလေးရှားနိုင်ငံမှာ နှစ်ထောင့်နှစ်ဆယ့်နှစ် ခုနှစ်ကနေ နှစ်ထောင့်နှစ်ဆယ့်ခြောက် ခုနှစ် ဩဂုတ်လထိ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဆက်နွယ်နေတဲ့ ပြစ်မှုပေါင်း တရာ့ကိုးဆယ့်ကိုး မှု မှတ်တမ်းတင်ထားပြီး ဆီလန်ဂေါပြည်နယ်မှာ ငါးဆယ့်ရှစ် မှုနဲ့ အများဆုံးဖြစ်တယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ပါလီမန်အမတ်တွေရဲ့ မေးမြန်းချက်ကို မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပြီး မလေးရှား တော်ဝင်ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဆက်နွယ်တဲ့ ပြစ်မှုတွေဟာ နှစ်ထောင့်နှစ်ဆယ့်နှစ် ခုနှစ်မှာ ငါးဆယ့်နှစ်မှုရှိခဲ့ပါတယ်။
အဲဲဒီအပြင် နှစ်ထောင့်နှစ်ဆယ့်သုံး ခုနှစ်မှာ လေးဆယ့်သုံး မှု၊နှစ်ထောင့်နှစ်ဆယ့်လေး ခုနှစ်မှာ သုံးဆယ့်ခုနှစ်မှု၊ နှစ်ထောင့်နှစ်ဆယ့်ငါး ခုနှစ်မှာ နှစ်ဆယ့်ကိုးမှုနဲ့ နှစ်ထောင့်နှစ်ဆယ့်ခြောက် ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လထိ သုံးဆယ့်ရှစ် မှု မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။
နောက်ပြီးနှစ်ထောင့်နှစ်ဆယ့်ငါး ခုနှစ် ဇန်နဝါရီလကနေ နှစ်ထောင့်နှစ်ဆယ့်ခြောက် ခုနှစ် ဩဂုတ်လထိ လူဝင်မှုကြီးကြပ်ရေးဌာနက စစ်ဆင်ရေးပေါင်း ငါးသောင်းသုံးထောင်သုံးရာတစ်ဆယ့်ရှစ်ကြိမ် ပြုလုပ်ခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ တသိန်းငါးသောင်းကိုးထောင်နှစ်ရာသုံးဆယ့်နှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီအထဲမှာ UNHCR ကတ်အတုပြုလုပ်တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံသား ခြောက်ဦးပါဝင်တဲ့အမှု တစ်မှု မှတ်တမ်းတင်တရားစွဲဆိုထားပါတယ်။
ပြည်နယ်အလိုက် ဖြစ်ပွားမှုတွေမှာတော့ ဆီလန်ဂေါပြီးရင် ကီဒါမှာ နှစ်ဆယ့်ခြောက် မှု၊ ဂျိုဟိုးမှာ နှစ်ဆယ့်လေး မှု၊ ကွာလာလမ်ပူမှာ နှစ်ဆယ့်နှစ်မှု၊ ပီနန်း၊ ပါဟန်းနဲ့ ကယ်လန်တန်တို့မှာ တဆယ့်သုံးမှုစီ၊ ပီရက်နဲ့ တရင်ဂါနူတို့မှာ တဆယ့်နှစ်မှုစီနဲ့ မလက္ကာမှာ လေးမှု၊ နဂရီဆမ်ဘီလန်မှာ နှစ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
မလေးရှားအစိုးရအနေနဲ့ ဒုက္ခသည်အသိုင်းအဝိုင်းတွေကို စောင့်ကြည့် ထိန်းချုပ်နေသလို UNHCR အပေါ် မှီခိုနေရမှုကို လျှော့ချဖို့ ရည်ရွယ်တဲ့ ဒုက္ခသည်မှတ်ပုံတင်စာရွက်စာတမ်း (DPP) အစီအစဉ်ကို နှစ်ထောင့်နှစ်ဆယ့်ခြောက် ခုနှစ် ဇန်နဝါရီလ တ ရက်နေ့က စတင်ခဲ့ပြီး ထိန်းသိမ်းရေးစခန်းတွေက ဖမ်းဆီးထားသူ လေးထောင်တဆယ်ဦးကို စာရင်းသွင်းထားရာမှာ မြန်မာနိုင်ငံသား လေးထောင်ရှစ်ဦး ပါဝင်နေပါတယ်။






