Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၁၆။
ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်ပြီး သုံးစွဲဖို့မသင့်တော်တဲ့ အလှကုန်ပစ္စည်း တဆယ့်လေး မျိုးကို အများပြည်သူသတိပြုနိုင်ဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ထုတ်ပြန် ကြေညာပါတယ်။
အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့ အစီအစဉ်အရ စစ်ဆေးတွေ့ရှိခဲ့တဲ့အလှကုန်ပစ္စည်းတွေမှာ ခွင့်ပြုမိန့်မရှိတာ၊ တားမြစ်ဓာတုပစ္စည်းတွေပါဝင်နေတာနဲ့ ဗက်တီးရီးယားပိုးမွှားတွေ စံချိန်စံညွှန်းထက် ကျော်လွန် ပေါက်ဖွားနေတာတွေကြောင့် မသုံးစွဲကြဖို့ သတိပေးထားတာဖြစ်ပါတယ်။
မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ အဲဒီပစ္စည်းတွေကိုသုံးစွဲမိရင် အရေပြားယားယံတာ၊ ရောဂါကူးစက်ခံရတာ၊ ခေါင်းကိုက်တာနဲ့ ရေရှည်မှာ ကျောက်ကပ်ပျက်စီးတာ အပါအဝင် အခြား ရောဂါဆိုးတွေ ဖြစ်ပွားနိုင်ပါတယ်။
ဒါကြောင့် အလှကုန်ပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့ ကုမ္ပဏီတွေ၊ ဆိုင်တွေနဲ့ အွန်လိုင်း ရောင်းချသူတွေအနေနဲ့ တားမြစ် ပစ္စည်းတွေကို တင်သွင်းရောင်းချတာမျိုး လုံးဝမပြုလုပ်ကြဖို့လည်း သတိပေးထားပါတယ်။
တာဝန်ရှိသူတွေဘက်ကလည်း ဈေးကွက်အတွင်းသုံးစွဲဖို့မသင့်တဲ့ အလှကုန်တွေ ရောင်းချတာရှိမရှိကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။












